Saturday, September 29, 2012

“ဖမ်းရဲရင်ဖမ်းကြည့်..”

“ဖမ်းရဲရင်ဖမ်းကြည့်..”




ပွင့်လင်းမြင်သာသောခေတ်ကြီးမှာ ပွင့်လင်းမြင်သာစွာနဲ့ ဘောပွဲလောင်းခြင်းကို လာပြီးဖမ်းဆီးအရေးယူ
ပါက “နိုင်ငံတော်ကိုမထီမဲ့မြင်ပြုမှု” ဖြင့် ပြန်လည်တရားစွဲမည်ဖြစ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါ၏။

ကျန်ုပ်ဖိုးသိကြားသည် ဘောလုံးခရေစီတဦးဖြစ်သည့်အလျောက် ကျောင်းသားဘ၀တုန်းက ဘောလုံးကို
သဲသဲမဲမဲ ကစားခဲ့ဖူးပါသည်။ နောက်ပိုင်းတွင်လည်း ယနေ့အချိန်အထိ ဘောလုံးပွဲကြည့်ရှုခြင်း၊ ဘောလုံး
ပွဲလောင်းကစားခြင်း(ခိုးကြောင်ခိုးဝှက်) တို့ကို လုပ်ဆောင်လျက်ရှိပါသည်။

ယခင်ကဘောပွဲလောင်းခြင်းမှာ ဥပဒေနှင့်ငြိစွန်းသဖြင့် ဖမ်းဆီးအရေးယူနိုင်သော်လည်း ယခုအခါ ဖမ်းဆီး
အရေးယူပိုင်ခွင့်မရှိပါ။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံတော်အစိုးရ၏အာဘော်များကို ထပ်ဟပ်ရေးသားဖော်
ပြထားသည့် နိုင်ငံပိုင်သတင်းစာများတွင်...

မန်ယူနဲ့စပါးပွဲမှာ သေချာတာကတော့ ဂိုးအနည်းနဲ့သရေလို့မြင်မိတယ်..
ဗီလာနဲ့သွင်းဂိုးအနည်းက စိတ်ချရမယ်ထင်တယ်..
ကျူပီအာရဲ့အိမ်ကွင်းအားကိုပဲ မျှော်လင့်ရမယ်..
အာဆင်နယ်အတွက် အနိမ့်ဆုံးသရေပဲ....

စသဖြင့် ပွဲကြိုအခြေအနေအရပ်ရပ်ကို သေချာစွာသုံးသပ်ပြီး ဘောပွဲလောင်းသူများ ကြိုတင်တွက်ဆနိုင်ရန်
ပွင့်လင်းမြင်သာစွာ ရေးသားဖော်ပြပေးလျက်ရှိပါ၏။ ထို့ကြောင့် ဘောလုံးဝါသနာရှင်ဖိုးသိကြားသည် နိုင်ငံ
တော်၏စေတနာကို အသိအမှတ်ပြုသည့်အနေဖြင့် ပွင့်လင်းမြင်သာစွာဖော်ပြထားသော နိုင်ငံပိုင်သတင်းစာ
ကိုဖတ်ရှုပြီးသကာလ ဘောပွဲများကို ပွင့်လင်းမြင်သာစွာလောင်းကစားမှုပြုမည် ဖြစ်ပါသည်။

ဤကဲ့သို့ နိုင်ငံတော်၏စေတနာကို အသိအမှတ်ပြု၍ ပွင့်လင်းမြင်သာစွာဘောပွဲလောင်းနေသည့် ကျန်ုပ်ဖိုး
သိကြားကို လာရောက်ဖမ်းဆီးသူအား “နိုင်ငံတော်အပေါ် မထီမဲ့မြင်ပြုမှု” ဖြင့် ပြန်လည်တရားစွဲဆိုမည်
ဖြစ်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။

                                                         ပုံ
                                                     ဖိုးသိကြား
                                       ဒေ၀ါလွှတ်တော်ကိုယ်စားလှယ်
                                            တာဝတိံသာမဲဆန္ဒနယ်

အားလုံးကိုချစ်ခင်လေးစားသော.. ဖိုးသိကြား (29/09/2012)

No comments: