Monday, July 25, 2011

ပြောရဦးမယ်ဗျာ (၃) Good Government & Clean

“တောက်” ကျနော်ဖိုးသိကြား ရင်တွင်းမှ ဒေါသ အပြင်သို့ကြွလို့ တောက်သံတချက် ခပ်ပြင်းပြင်း ခတ်လိုက်မိ၏။ သတင်းတွေ သတင်းတွေ.. ကြားရတဲ့သတင်းတွေ၊ ဖတ်ရတဲ့သတင်းတွေ အလကားပဲကွ ဘာမှ သောက်သုံး မကျဘူး..။

ခပ်ရိုင်းရိုင်း ပဲပြောတော့မယ်.( ဗိုလ်ချုပ် ပြောဖူးတယ်.. တချို့တွေက ရိုင်းရိုင်းပြောမှ နားလည်တယ် တဲ့).။ ချီးထုတ်ကြီးတွေ တိုင်းပြည်ကို ရောင်းစားနေကြတာ အဆီအနှစ်တွေ ကုန်ခန်းလို့ အရိုးပဲ ကျန်တော့တယ်။ တောတွေလဲရောင်း တောင်တွေလဲရောင်း မြစ်ချောင်းတွေပါမကျန် ရောင်းစားနေကြတာ ဧရာဝတီတောင် ကုန်ပါရော့လား..။ ပြောတော့ ဆွေမျိုးပေါက်ဖော် တော်လိုက်ရတဲ့ ယောက်ဖ သူ့နှမတွေတောင် ကျန်သေးရဲ့လားမသိ ကိုယ့်နိုင်ငံမှာ မိုးလေကောင်းလို့ လျှပ်စစ်ဓါတ်အား လုံလောက်ရုံရှိသေး သူ့ပထွေး အကျိုးမျှော် လျှပ်စစ်ဓါတ်အား ရောင်းထုတ်ဖို့ မြစ်ကြီးတစင်းကို စတေး ငါတို့ အသွေးတွေ ဖောက်စားကြတော့ မယ်လေ။

ဟို မဟုတ် တရုတ်ကောင်တွေကလည်း ကူညီရှင်ကြီးလိုလို ကယ်တင်ရှင်ကြီးလိုလို ကျေးဇူးရှင်တံဆိပ် ခပ်နှိပ်ပြီး မတန်မရာဈေးနဲ့ နှိမ်ပြီးဝယ် ပြောလိုက်ရင်တော့ သောက်ကြီးသောက်ကျယ်..။ ရင်းနှီးမြှုပ်နှံနေတာပါတဲ့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်နေကြတာပါတဲ့..။ ဘာတွေ ရင်းနှီးမြှုပ်နှံ နေကြတာလဲ ဘာတွေများ အကျိုးတူညီစွာ ရရှိနေကြလို့လဲ.. ဟွန်း သူတို့ အကျိုးစီးပွားအတွက် ရင်းနှီး မြှုပ်နှံနေကြတာကိုများ သွားစမ်းပါ.. ကလေးအထာတွေ စေတနာ ထားချင်ယောင်ဆောင်နေကြတဲ့ ကြောင်သူတော် ကြွက်သူခိုး၊ မိန်ခလေးငယ်ကို စားချင်လို့ အဘွားအို အယောင်ဆောင်လာတဲ့ ကောက်ကျစ်တဲ့ ၀ံပုလွေလို ကောင်မျိုးတွေ..။ အဲဒီလို ကောင်မျိုးတွေနဲ့ ပေါင်းပြီး ကောင်းစားနေကြတဲ့ တို့ဆီက ခေါင်းပေါင်းကြီးတွေကလည်း(အရင်ကတော့ ဘောင်းဘောင်း ခုတော့ ခေါင်းပေါင်းပေါ့) ဘယ်သူဆာဆာ ငါသာ ၀ ပြီးရော ဆိုတဲ့ စိတ်ဓါတ်တွေနဲ့ ကိုယ်ကျိုးပဲရှာ တဘို့ထဲကြည့်လို့ နိုင်ငံကို ရောင်းထုတ်နေကြတယ်။

အရင်တုန်းက မြန်မာပြည်ကထွက်တဲ့ သဘာဝဓါတ်ငွေ့တွေ ပြည်ပဈေးကွက် သိပ်မရှိသေးတော့  ပြည်တွင်းက ကားတွေကို CNG ယာဉ်တွေအဖြစ် အတင်းအကျပ် အသွင်ပြောင်း ဓါတ်ငွေ့တွေ ရောင်းချပေးတယ်။ ခုသဘာဝဓါတ်ငွေ့တွေကို ပြည်ပကို ရောင်းချ နေရဘီဆိုတော့ နောက်ထပ် ကားတွေကို CNG ယာဉ်အဖြစ် ပြောင်လဲခြင်းကို ရပ်ဆိုင်းလိုက်ကြဘီလေ.. ကောင်းလိုက်တဲ့ စေတနာတွေ၊ မှန်လိုက်တဲ့ စေတနာတွေလေ ..ဟာ..ဟ အေးပေါ့လေ.. မြန်မာငွေထက် ဒေါ်လာငွေကို ပိုမက်ကြမှာပေါ့.. အဲဒီဒေါ်လာငွေတွေ ဘယ်ကိုရောက် နိုင်ငံခြား ဘဏ်တွေကိုရောက်.. ပြေးကြည့်စရာမလို တွေးကြည့်ရုံနဲ့ သိနိုင်တယ်။

နိုင်ငံသားအားလုံး ပိုင်ဆိုင်တဲ့ သယံဇာတ အရင်းအမြစ်တွေကို လူတစုကပဲ လက်ဝါးကြီးအုပ် ခိုးထုတ်လို့တဖုံ ပေါ်တင်တလီ အဓမ္မ တသွယ်နဲ့ ရယူနေလိုက်ကြတာ သူတို့တွေမှာတော့ ချမ်းသာပြီးရင်းချမ်းသာ ထားစရာမရှိ.. ပြည်သူတွေမှာတော့ မွဲပြီးရင်းမွဲ စားစရာမရှိ ဖြစ်နေတယ်။ နိုင်ငံတော်ရဲ့ သယံဇာတတွေရောင်းချပြီး ဘယ်မှာလဲ နိုင်ငံအကျိုးပြု လုပ်ငန်းကြီးတွေ လောက်လောက်လားလား ချပြစရာမရှိ..။ တောက်.. သန္ဓေပါရင် အရေခွာတောင်မရ ဒီပုတ်ထဲကဒီပဲ တွေဆိုတော့လည်း ဒီအချိုးမျိုးတွေပဲ လာမှာပေါ့ ယူနီဖောင်းတွေ ဘယ်လောက်လဲလဲ နာမည်တွေ ဘယ်လို ပြောင်းပြောင်း စိတ်ဓါတ်တွေ မပြောင်းသရွေ့ကတော့ ဘာမှ ကောင်းလာစရာ အကြောင်းမရှိဘူး။ ခုပဲကြည့် အရင်ကလိုပဲ ဗုံးတွေက ကွဲနေဆဲ သေနတ်သံတွေက ညံနေဆဲ ပြည်သူတွေလဲ မွဲနေဆဲ

မယောင်ရာဆီလူး ဆိုသလို Clean Government ဆိုပြီး လမ်းဘေးက ဈေးသည်တွေကို မောင်းထုတ်ကြပါသတဲ့.. အဲဒီအတွက် ရလာဒ်က ဘာလဲ? တနေ့လုပ်တနေ့စား အခြေခံလူတန်းစား ဈေးသည်တွေ ဘုံပျောက် ဒုက္ခရောက်ပေါ့.. ခါတိုင်းကဲ့သို့ လိုချင်တဲ့ ပစ္စည်းတွေ အလွယ်တကူ  ရှာဖွေ ၀ယ်ယူချင်တဲ့သူတွေလည်း အဆင်မပြေ ဖြစ်ကုန်ကြတယ်။ သူတို့သတ်မှတ်တဲ့နေရာမှာ ရောင်းရမယ်ဆိုရင်လဲ ဘယ်သူတွေက တကူးတကသွားပြီး ၀ယ်ယူကြမလဲ? ၀ယ်သူမရှိတဲ့ ဈေးရောင်းသူတွေအဖို့ ‘လ’ ပေါ်တက် ဈေးရောင်းရသလို ဖြစ်တော့မှာပေါ့။ ဒီတော့ ဈေးသည်တွေကလည်း လစ်ရင်လစ်သလိုရောင်း ဖမ်းတဲ့သူတွေကလည်း ဖမ်းချင်သလို ဖမ်းနဲ့ ကြောင်နဲ့ကြွက်လို ဖရိုဖရဲနဲ့ အရင်ထက်ပိုပြီး စည်းမဲ့ ကမ်းမဲ့တွေ ဖြစ်ကုန်ကြပါရော့လား..။ တကယ်ဆို ဖြစ်သင့်တာက လက်ရှိရောင်းချနေတဲ့ ဈေးသည်တွေကို မူလနေရာတွေမှာ စည်းနဲ့ကမ်းနဲ့ ဘောင်နဲ့ကျင်းနဲ့ ဖြစ်အောင် စီမံကွပ်ကဲပြီး ရောင်းချစေမယ်ဆိုရင် ရောင်းသူရော ၀ယ်သူပါ အဆင်ပြေမှာပေါ့။ နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့် ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ နည်းကိုသုံးရင် ပိုမကောင်းဘူးလားဗျာ…။

ဟိုနေ့က ဂျာနယ်တစောင်မှာ ဖတ်လိုက်ရတယ်။ နိုင်ငံတကာအလယ်မှာ မြန်မာတွေ မျက်နှာငယ်ရတဲ့ အကြောင်း..။ Visa လျှောက်ရာမှာ ခက်ခဲတဲ့ အကြောင်း Visa ကြေးပေးရတဲ့ အကြောင်း.. အခြားနိုင်ငံသားများအဖို့ Visa လျှောက်ဖို့မလိုတဲ့ အကြောင်းတွေ ရေးထားတဲ့ ဆောင်းပါးလေးပါ။ ဟုတ်တယ်.။ သူရေးတာတွေ အမှန်တွေချည်းပဲ ဖိုးသိကြား ကိုယ်တွေ့.. အဲဒီဆောင်းပါး ဖတ်ပြီး ဖိုးသိကြားရဲ့ စိတ်ထဲ တနု့င်္နုံ့နဲ့ ခံစားခဲ့ရဖူးတာလေး ပြန်ပေါ်လာတော့ ဒေါသဟောင်းတွေ ပြန်ထွက်လာတယ်။ ဟုတ်တယ်ဗျာ.. မြန်မာတွေ အခြား လူမျိုးတွေနဲ့ယှဉ်ရင် အနှိမ်ခံရတယ်။ အာဆီယံ နိုင်ငံအချင်းချင်းမှာတောင် ခွဲခြား ဆက်ဆံခံရတယ်။

တခါက ကျနော် အလုပ်လုပ်နေတဲ့ ကုမ္ပဏီမှ ၀န်ထမ်းအားလုံးကို အင်ဒိုနီးရှား နိုင်ငံရှိ ကျွန်းတကျွန်းကို အပျော်ခရီးပို့ဆောင်ပေးတယ်။ ကျနော်တို့လည်း အခမဲ့ ခရီးဆိုတော့ လိုက်ကြမယ်လို့ စာရင်းပေးလိုက်တယ်။ နောက်ကျတော့ ပြဿနာ စတော့တာပဲ.။ မြန်မာလူမျိုး အလုပ်သမားများအတွက် VISA လျှောက်ရမယ်။ ဒါကြောင့် VISA ကြေးအတွက် လိုက်ပါမည့် မြန်မာအားလုံး ထံမှ ၆၅ ဒေါ်လာ လစာထဲမှ ဖြတ်သွားမည်တဲ့။ အခြားနိုင်ငံသားတွေကတော့ VISA ကြေး မပေးရလို့ မဖြတ်ပါတဲ့။ ကုမ္ပဏီမှလည်း စိုက်မပေးနိုင်တဲ့ဗျာ..။ ကျနော်လည်း အဲဒီလို ခွဲခြားဆက်ဆံခံရတာကို ခံပြင်းလွန်းလို့ မြန်မာဝန်ထမ်းတွေကို စည်းရုံးတိုင်ပင်မိတယ်။ ပိုက်ဆံပေးရမည်ဆိုပါက မြန်မာအားလုံး ထိုခရီးကို မလိုက်ဘဲ နေခဲ့ကြဖို့ တနည်းပြောရရင် သပိတ်မှောက်ကြဖို့ပေှါ့ဗျာ..။ ဒါပေမယ့် မြန်မာတွေ  ညီညွတ်မှု မရှိခဲ့တော့  ဘာမှ အရာမရောက်ခဲ့ဘူး။ ၂ယောက်ရှိရင် ၃ဖွဲ့ကွဲနေကြတဲ့ မြန်မာတွေရဲ့ စိတ်ဓါတ်တွေကိုလည်း မချင့်မရဲ ဖြစ်မိတယ်။ တောက်.. အဲဒီလို စိတ်ဓါတ်မျိုးတွေ များနေသရွေ့ လိုချင်တဲ့ ခရီးပန်းတိုင်ကတော့ ရောက်ပါလိမ့်မယ် အားကြီးကြီး

တချိန်က မြန်မာအောက် နောက်ကောက်ကျခဲ့တဲ့ စင်္ကာပူလို နိုင်ငံမျိုးက ခုဆိုရင် မြန်မာတွေကို စေခိုင်းနေကြတာ.ရန်ကုန်တက္ကသိုလ်ရဲ့ သင်ကြားရေးစနစ်တွေကို အတုယူခဲ့ရဖူးတဲ့ စင်္ကာပူနိုင်ငံ မှာ မြန်မာတွေ ပြန်ပြီး ကျောင်းတက်နေကြရတာ.. ကမ္ဘာရှိ သန့်ရှင်းသပ်ရပ်တဲ့ မြို့တော်ကြီးတွေမှာ တခုအပါအ၀င် ဖြစ်နေတဲ့ စင်္ကာပူဟာ တချိန်က ရန်ကုန်မြို့ကို လာရောက်လို့ သန့်ရှင်းရေး စနစ်တွေကအစ လေ့လာ အတုယူ ခဲ့ဖူးတာတွေ ခုတော့ . ‘သွားဘီ..မရှိတော့ဘူး..အားလုံးအားလုံး အရည်ပျော်သွား’ ဆိုတဲ့ သီချင်းကိုပဲ အော်ဟစ်ပေါက်ကွဲ လိုက်ချင်တယ်။ ဒါတွေဟာ ဖတ်လို့ကောင်းအောင် ရေးပြနေတာ မဟုတ်ဘူး။ တချိန်က တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေ.. ကျနော် ဖိုးသိကြား မသိမမှီလိုက်ပေမယ့် သိမှီလိုက်တဲ့ အဘိုးအဘွား လူကြီးမိဘတွေ ပြန်ပြောပြတာ မှတ်သားရတယ်။

ခုတော့ သက်ဆိုင်ရာ နိုင်ငံခေါင်းဆောင်တွေရဲ့ လုပ်ဆောင်ချက်တွေအောက်မှာ စင်္ကာပူဆိုတာ မြန်မာရဲ့ အထက် တော်တော်များများကို လှမ်းတက်သွားဘီလေ..။ ပန်းပုဆရာရဲ့ လက်ထဲမှာ တန်ဖိုးကြီးမားတဲ့ ယမင်းရုပ်အဖြစ် ရောက်ရှိနိုင်သလို ဘာမှ တန်ဖိုးမရှိတဲ့ လက်ကိုင်တုတ်အဖြစ်လည်း ရောက်ရှိနိုင်ပါတယ်။ ခုလည်း အဲဒီသဘောပဲ လီကွမ်ယူ ရဲ့ ဦးဆောင်မှုအောက်က စင်္ကာပူနိုင်ငံနဲ့ သေနတ်သံတွေရဲ့ ဖိနှိပ်မှုအောက်က မြန်မာနိုင်ငံ ဘယ်လို ကွာခြားခဲ့လဲ.. အားလုံးအသိ..။

နိုင်ငံ ခေါင်းဆောင်တွေရဲ့ ကောင်းမွေဆိုးမွေကို နိုင်ငံသားတွေ က ခံနေကြရတယ်။ ဒါကြောင့် နိုင်ငံရပ်ခြားတွေမှာ မြန်မာလူမျိုးတွေဟာ အနည်းနဲ့ အများ အနှိမ်ခံနေကြရတယ်။ Brain Drain ဆိုတဲ့ ဦးဏှောက်ယိုစီးမှုတွေနဲ့ မြန်မာတွေဟာ တိုင်းတပါးမှာ နေရာတနေရာ ရရှိကောင်း ရရှိမယ်။ ဒါပေမယ့် တန်းတူရည်တူ အခွင့်အရေး မရရှိဆိုတာ လက်ရှိနိုင်ငံပြင်ပ ရောက်နေကြတဲ့ သူတွေ ငြင်းမရနိုင်ဘူး။ အခွင့်အရေး အပြည့်အ၀ ရရှိပြီး ကောင်းစားနေကြတဲ့ မြန်မာတွေဆိုတာ အန်မတန်ကို နည်းတယ်။

အဲဒါကို သိရဲ့သားနဲ့ ဘာဖြစ်လို့ နိုင်ငံရပ်ခြားကို သွားရောက်နေကြတာလဲ?? လက်ရှိ ပြည်တွင်းက လူငယ်တွေကရော ဘာလို့ သွားဖို့ ကြိုးစားနေကြတာလဲ?? ရှင်းပါတယ်။ ကိုယ့်တိုင်းပြည်မှာ ကိုယ့်ရဲ့ အရည်အချင်းနဲ့ ထိုက်တန်စွာ မရပ်တည်နိုင်လို့ဘဲ..။ ဒါကြောင့် အနှိမ်ခံရမယ်ဆိုတာ သိပေမယ့်လည်း ပေတေပြီး နေကြ သွားဖို့ ကြိုးစား နေကြတာပေါ့။ ကိုယ့်နိုင်ငံမှာလည်း အဖိနှိပ်ခံ နေကြတဲ့ အတူတူ သူများနီုင်ငံမှာ အနှိမ်ခံရပေမယ့် ထိုက်သင့်သလောက် ပြန်ရသေးတယ် ဆိုပြီး သွားနေကြရတာ..။ ဘယ်သူမဆို ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ယဉ်ကျေးမှုအောက်မှာ အဆင်ပြေပြေ နေချင်ကြတာချည်းပဲ.. ဘယ်သူက အားအားယားယား သူများ တိုင်းပြည်မှာ နေချင်ပါ့မလဲ..။  နိုင်ငံကို မချစ်တာတို့ တိုင်းတပါးကို အထင်ကြီးတယ်တို့ ဆိုတဲ့ စကားလုံးတွေနဲ့ ကြီးကြီးကျယ်ကျယ် လာလုပ်မနေကြနဲ့။ ဖိုးသိကြားကို လာပြောရင်တော့ အဲဒီလူကို သောက်ရူး လို့ပဲ ပြောလိုက်မယ်။

အစိုးရသစ်ကြီး တာဝန်ယူလာတာ ရက် ၁၀၀ ကျော်ခဲ့ဘီ။ ပင်စင်တိုးပေးတာကလွဲလို့ ထူးထူးခြားခြား ပြောင်းလဲ တိုးတက်တာ မတွေ့သေးဘူး။ ကတိပေးထားတဲ့ Good Government, Clean Government တွေကလည်း သတင်းစာတွေမှာပဲ တွေ့နေရတယ် အပြင်မှာတော့ ဘာမှ ပြတ်ပြတ်သားသား မရှိလှသေးဘူး။ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆိုတာကတော့ မြင်တွေ့ကြားသိရတဲ့အတိုင်း တဒိုင်းဒိုင်းနဲ့ ဆော်နေကြလေရဲ့.. ကဒါဖီကို အားကျပြီး ဗုံးတွေရော ဒုံးတွေပါ ကြဲချကြမယ်ထင်ပါ့။ ကောင်းလေစွ..။ ပြောလိုက်ရင်တော့ ငြိမ်းချမ်းရေးကို နှုတ်ဖျားကမချ တတွတ်တွတ်နဲ့ ဂါထာရွတ်သလို ရွတ်ကျြ။ လက်တွေ့မှာတော့ သောက်တလွဲ ဖွတ်..။

ခုရက်ပိုင်း ရန်ကုန်မှာ မိုးတွေကောင်းလို့ လမ်းတွေပေါ် ရေတွေလျှံ လမ်းမတန်း ရေတွေလွှမ်းလို့ ကားတွေ Accident ဖြစ်ကြ။ Bus တွေ မှောက်ကြနဲ့ ခရီးသည်တွေ သေကြေဒုက္ခရောက်ကြတယ်။ အဲဒီကြားထဲမှာ မိဘအရှိန်အ၀ါနဲ့ သောက်ရူးသောက်ပေါတွေကလည်း ပြိုင်ကား ကိုယ်စီ အစီအရီနဲ့ သူ့ဖအေ ပိုင်တဲ့လမ်း မှတ်နေကြသလားမသိ။ ပြိုင်မောင်းကြ သောက်ရမ်းမောင်းကြနဲ့ သူများကားတွေကို ၀င်တိုက်မိကြတယ်လေ။ သူတို့ အချင်းချင်း သောက်ကမြင်းထလို့ အချင်းချင်း တိုက်ကြရင် ဖိုးသိကြား အရေးလုပ်ပြီး မပြောဘူး.။ ခုတော့ တခြားသူတွေရဲ့ ကားတွေကို တိုက်ကြသဗျ။ တိုက်ပြီးသွားရင် သူတို့ကတော့ ဘယ်သူမှ သောက်ဂရုမစိုက်တဲ့ရုပ်နဲ့ အေးအေးဆေးဆေး.။ တဖက်လူမှာတော့ ဒဏ်ရာရ အနာတရဖြစ်လို့…။

မိဘအရှိန်အ၀ါတွေနဲ့ မာန်တွေ တက်နေကြတဲ့ ငနဲသားတွေ.. ငရဲ မသွားခင် ဆင်ဆင်ခြင်ခြင် နဲ့ နေကြပါဦး။ မင်းတို့ သောက်ကမြင်းထတာ အကြောင်းမဟုတ်ဘူး မဆိုင်တဲ့သူတွေ နစ်နာတယ်ကွ။ ပြည်သူအပေါ် ဥပဒေတွေ မျိုးစုံထုတ် အာဏာပါဝါတွေ ပြပြနေတဲ့ အစိုးရသစ်ကြီးရေ့.. ခင်ဗျားတို့ အစိုးရကို Good Government & Clean Government ဖြစ်ဖို့ထက် ခင်ဗျားတို့ရဲ့ မိသားစုတွေ သားသမီးတွေကိုပဲ Good Family & Clean Family တွေဖြစ်အောင် အရင်ဆုံး ကြိုးစားလိုက်ကြပါဦး လို့ တိုက်တွန်းလိုက်ရပါတယ်။

ရင်ထဲက ဒေါသအခံကြောင့် စကားအသုံးအနှုန်းများ ရိုင်းသွားပါက နားလည်ခွင့်လွှတ်ပါရန်

အားလုံးကို ချစ်ခင်လေးစားသော ဖိုးသိကြား (၂၅/၀၇/၂၀၁၁)

Monday, July 18, 2011

ပြန်လည်တမ်းတမိသော ဟိုတချိန်က သမိုင်းပုံရိပ်များ (သို့) ဖိုးသိကြားလေးဘ၀က ကျခဲ့ရသော မျက်ရည်စ

မိုးလေးက တအေးအေးဖြင့် ကွေးလို့ကောင်းသည့်အချိန်…။ ဖိုးသိကြားတယောက် အိပ်ရာထက်
စာအုပ်တအုပ်ဖတ်လို့ ဇိမ်ကျလျက် ရှိနေလေ၏။ စာအုပ်ကိုဖတ်ရင်း ဖတ်ရင်း မျက်စိ ညောင်းလာ
သဖြင့် ဖတ်လက်စ စာအုပ်အသာချ ပြတင်းပေါက်တံခါးမှ ပတ်ဝန်းကျင်သို့ လေ့လာမိသော်ဝန်းကျင်
တခွင်မှာတော့ ညိုမှောင်နေသော မိုးတိမ် စိမ်းလန်းနေသော သစ်ပင်များနှင့်အတူ ဇူလိုင်လ၏ မိုးစက်
ပေါက်များက တဖျောက်ဖျောက်ဖြင့် မြေပြင်ပေါ်သို့ အလုအယက် သက်ဆင်းနေကြလေ၏။ ထိုမြင်
ကွင်းများကို ကြည့်ရင်း ဖိုးသိကြားရဲ့ စိတ်အစဉ်မှာ အတိတ်တရံခါဆီသို့ အလည်တခေါက် နောက်
ကြောင်းပြန် ရောက်ရှိသွားလေတော့ သတည်း..။

လွန်ခဲ့သော နှစ် ၂၀ ကျော်မှ ဇူလိုင်လ တခုမှာပဲ ဖြစ်သည်။ မူလတန်း ကျောင်းသားကြီးဖြစ်သော
ဖိုးသိကြားလေးတယောက် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ရန်အတွက် ကျောင်းမှ ရွေးချယ်ခံရ၏။
ထို့အတွက် ကျောင်းစာကြည့်တိုက်မှာ စာစီစာကုံးနှင့်ပတ်သက်သည့် စာအုပ်စာတန်းများ လေ့လာ
ကြရသည်။ ဆရာလေးတဦးမှ Guide လုပ်၍ လေ့လာမှုအတွက် လမ်းညွှန်မှုပေးလေ၏။ စာစီစာကုံး
နှင့် ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်းပြောပြပေးသည်။ စာစီစာကုံးခေါင်းစဉ်မှာကား
“အာဇာနည်နေ့ တို့မမေ့” ဟူ၍ ဖြစ်လေသည်။

ရှင်းလင်းပြောကြားပေးသော ဖိုးသိကြားလေးတို့၏ ဆရာလေးမှာ ထိုစဉ်က အသက် ၂၀ ကျော် အစိတ်
ဝန်းကျင်သာ ရှိသေးသည်။ သူကိုယ်တိုင်လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်
ကြီးများ ကျဆုံးသွားခဲ့သည့် အာဇာနည်နေ့ကို ကိုယ်တိုင် မကြုံတွေ့ခဲ့ရပေ။ ထိုအချိန်က သူပင် မွေးဦး
မည်မဟုတ်.. သို့သော်ငြား ကြုံတွေ့လိုက်ရသော သူ၏ ဆရာများနှင့် မိဘဘိုးဘွားများ၏ ပြောကြား
ချက်များဖြင့် သူကိုယ်တိုင် တွေ့မြင် ကြုံတွေ့လိုက်ဘိသကဲ့သို့ ခံစားချက်ပါပါ ၀မ်းနည်းမှုအပြည့်ဖြင့်
အာဇာနည်နေ့အကြောင်း စီကာပတ်ကုံး ပြောပြနေရှာသည့် မြင်ကွင်းမှာ ဖိုးသိကြားလေး၏ Memory
Data ထဲမှာ ဘယ်သောအခါမျှ မေ့ဖျောက်၍ မရနိုင်တော့ပေ။

ဖိုးသကြားလေး မှတ်မိနေသေး၏။ ထိုအချိန်က ဆရာလေး၏ မျက်ဝန်းမှ မှိုင်းဝေရစ်သီနေသည့် မျက်
ရည်စတချို့ မိုးစက်များ တဖျောက်ဖျောက် ကျဆင်းနေသည့် အပြင်သို့ ကျောင်းစာကြည့်တိုက် ပြတင်း
ပေါက်မှတဆင့် ငေးကြည့်ရင်း အာဇာနည်နေ့အကြောင်း ဆွေးဆွေးမြေ့မြေ့ ပြောပြနေရှာသည့် ဆရာ
လေးရဲ့ လေးတွဲ့တွဲ့ စကားသံ.. အင်္ကျီလက်ကိုပင့် မန်ပါပါ မျက်နှာထားနှင့် နှုတ်ဖျားမှ ထွက်ပေါ်လာသည့်
တောက်ခေါက်သံတချက်..။ ထိုအချင်းအရာများကို ငေးမောကြည့်ရှု နားထောင်နေကြသည့် ဖိုးသိကြား
လေးအပါအ၀င် ဖြူစင်သော နှလုံးသားပိုင်ရှင် မူလတန်းကျောင်းသားငယ်လေးများ...။

ထိုစဉ်က ဖိုးသိကြားလေးတို့မှာ လွတ်လပ်ရေးဆိုတာ ဘာမှန်းမသိ.. တော်လှန်ရေးဆိုတာ ဘာမှန်းနားမ
လည်သည့်အရွယ်..။ နုနယ်ဖြူစင်တဲ့ နှလုံးသားမှာ စွဲထင်သွားသည်ကတော့ တိုင်းပြည်အတွက် မြင့်မြတ်
သည့် စိတ်ထားဖြင့် အသက်စွန့်သွားရှာကြသည့် ဗိုလ်ချုပ်နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား
လေးစားအားကျ နှမျောတမ်းတ ၀မ်းနည်းလှပြီး ဂဠုန်ဦးစောဆိုသည့် လူမိုက်ညစ်ကျေး ငမိုက်ခွေးနှင့်
အပေါင်းအပါများကို ရွံရှာမုန်းတီး စက်ဆုပ်နာကျည်း မိလေပြီ။

ဖိုးသိကြားလေးတို့ရဲ့ ဦးဏှောက်မှာလည်း အာဇာနည်နေ့၏ အဓိပါယ်နှင့် ရည်ရွယ်ချက်များကို ကောင်းစွာ
သိရှိနားလည် သဘောပေါက်ခဲ့လေပြီ။ သေသောသူကြာရင်မေ့ ဆိုသည့်စကားရှိသော်လည်း မမေ့သင့်
မမေ့ထိုက်သောသူ ဂုဏ်ပြုသင့်ဂုဏ်ပြုထိုက်သောသူများကို အမြဲတစေ အမှတ်ရနေစေရန်၊ အာဇာနည်
သူရဲကောင်းအပေါင်းတို့ရဲ့ အသက်သွေးချွေးများဖြှင့် စတေး၍ ရယူပေးခဲ့သော လွတ်လပ်ရေးအား တန်ဖိုး
ထား လေးစားတတ်စေရန်၊ အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ မြင့်မြတ်သော စိတ်ဓါတ်ကို အတုယူအား
ကျမိစေရန်၊ နိုင်ငံနှင့်လူမျိုးအကျိုးကို သယ်ပိုးတတ်စေရန် ရည်ရွယ်ချက်များဖြင့် နှစ်စဉ် ခမ်းနား သိုက်
မြိုက်စွာ ကျင်းပပေးခဲ့ကြတာ ဖိုးသိကြားလေး၏ ကိုယ်တွေ့..။

မူလတန်းကျောင်းသား ဖိုးသိကြားလေး ဘ၀တုန်းက အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ် ပိုစတာပြပွဲ၊
ကဗျာ စာစီစာကုံးပြိုင်ပွဲ၊ အာဇာနည်နေ့ အကြောင်းဟောပြောပွဲများကို နှစ်စဉ်ပြုလုပ် ကျင်းပပေးခဲ့ပါသည်။
ဖိုးသိကြားလေး ကိုယ်တိုင် အာဇာနည်နေ့ နှင့်ပတ်သက်သည့် သတင်းဓါတ်ပုံများကို အိမ်မှာရှိသည့် စာအုပ်
စာတန်းများမှ ဖြတ်ညှပ်၍ ကျောင်းနံရံကပ် ပိုစတာပြပွဲများအတွက် ယူဆောင်သွားခဲ့ဖူးတာ ယခုတိုင် မှတ်မိ
နေသေး..။

ထိုစဉ်အခါက အာဇာနည်နေ့ဆိုလျှင် ၁၀နာရီ ၃ရ မိနစ်မှာဝမ်းနည်းခြင်း အထိမ်းအမှတ် ဥသြဆွဲသည်။
ရေဒီယိုမှ အချက်ပေးသည်။ ထိုအချိန်မှာ အားလုံး ငြိမ်သက်အလေးပြုကြရင်း အာဇာနည်ခေါင်းဆောင်
ကြီးများအား အောက်မေ့သတိရကြသည်။ ဖိုးသိကြားလေးတို့ မောင်နှမတစုမှာ ဗိုလ်ချုပ်တို့ ဓါတ်ပုံများ
ကို ရှေ့ချ နေအိမ်မှ အလေးပြုကြ၏။ ဥသြသံကို ကြားမိသည်နှင့် ဖိုးသိကြားလေးရဲ့ နှလုံးအိမ်မှာ ၀မ်း
နည်းမှုများ လှိုက်တက်လို့ မျက်ရည်စို့ခဲ့ရဖူးသည်။ ဖိုးသိကြားမလိမ်ပါ.. အထက်ပါ အဖြစ်အပျက်များ
မှာ ဖိုးသိကြား အမှန်တကယ် ခံစားခဲ့ရဖူးသော အဖြစ်အပျက်များသာ..။ ထိုသို့ ခံစား နားလည်နိုင်အောင်
လည်း ထိုခေတ်အခါက ဖန်တီးပေးထားခဲ့ကြတာကို သိမှီလိုက်သူများ ငြင်းလို့မရနိုင်ပါ။

ထိုစဉ်အခါက အာဇာနည်နေ့ အခမ်းအနားများကို မြန်မာပြည်အနှံ့အပြား ခမ်းခမ်းနားနား ကျင်းပကြသည်။
ရန်ကုန်မြို့ ဗဟန်း အာဇာနည်ဗိမာန်မှာ ကျင်းပသည့် အခမ်းအနားကို နိုင်ငံတော်အကြီးအကဲများကိုယ်တိုင်
တက်ရောက် အလေးပြုကြသည်။ နိုင်ငံတော်သမ္မတမှ သ၀ဏ်လွှာပေးပို့သည်။ ၀န်ကြီးဌာနပေါင်းစုံ၊ နိုင်ငံ
ခြားသံရုံးများ၊ အဖွဲ့အစည်းပေါင်းစုံ၊ အသင်းအဖွဲ့ပေါင်းစုံ၊ အလွှာအသီးသီးမှ ပြည်သူလူထုများမှ လွမ်းသူ့ပန်း
ခွေ၊ ပန်းခြင်းများပေးပို့ အလေးပြုကြသည်။ ဗိုလ်ချုပ်နေထိုင်ခဲ့သည့် နေအိမ်ကို ဗိုလ်ချုပ်ပြတိုက်အဖြစ်
ဖွင့်လှစ်၍ ပြသပေး၏။ အာဇာနည်နေ့ နှင့်ပတ်သက်သည့် သတင်းရုပ်ရှင်ကားကိုလည်း ရုပ်မြင်သံကြားမှ
နှစ်စဉ်ပြသပေးသည်။ အထက်ပါ အခြင်းအရာများမှာ မူလတန်းကျောင်းသားဘ၀မှာ ဖိုးသိကြား ကြုံတွေ့ခဲ့
ရသော အတွေ့အကြုံများဖြစ်၏။

လက်ရှိ ဖိုးသိကြားဘ၀မှာတော့…
အာဇာနည်နေ့ဆိုတာကို တဖြေးဖြေး မှေးမှိန် ပျောက်ကွယ်အောင် ကြံဆောင်နေကြလေပြီ။ ရှေးယခင်
ကလို ခမ်းနားစွာ မကျင်းပကြတော့ပေ။ ဥသြသံတွေ ဆိတ်သုန်းနေခဲ့လေပြီ။ ရည်ရွယ်ချက်တွေလည်း
ပျောက်ဆုံးနေခဲ့လေပြီ။ အဖြစ်သဘောမျှ တော်အိရော်အိ ရောတောရှိ လုပ်လိုက်ကြလိုက်သည်။ နံရံ
ကပ် ပိုစတာပြပွဲ၊ ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲများလည်း မပြုလုပ်ကြတော့..။ အာဇာနည်နေ့ မှတ်တမ်း
ရုပ်ရှင်ကားမှာလည်း ဖလင် ရှာမရတော့…။ ဗိုလ်ချုပ်၏ နေအိမ်မှာလည်း ကျပ်ခိုးမှိုင်းများ သိုင်းဖွဲ့ နေခဲ့ပြီ။
ဗိုလ်ချုပ်နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ သမိုင်းပုံရိပ်များကို ဖျောက်ဖျက်ခဲ့ကြလေပြီ။ ၀မ်း
နည်းဖွယ်ကောင်းလေစွ..။

“ဦးဦး.. ဘာတွေ ကြည့်နေတာလဲ.. သားခေါ်နေတာ မကြားဘူးလား..ခေါ်နေတာ ကြာလှဘီ..”
အပြင်ကို ငေးကြည့်ရင်း အတိတ်ကာလကို ပြန်ရောက်သွားသော ဖိုးသိကြား၏ စိတ်အစဉ်မှာ တူငယ်
လေး၏ အသံကြောင့် ပစ္စုပန်ကာလဆီသို့ ပြန်လည်ရောက်ရှိခဲ့လေ၏။

“ဘာမှ မဟုတ်ပါဘူး.သားရာ.. ကဲ.ပြော ဘာလုပ်မလို့လဲ”

“သားကို ကွန်ပြူတာဖွင့်ပေးပါ.. သားဂိမ်းဆော့ချင်လို့.. ဦးက Password နဲ့ပိတ်ထားတော့ သားဖွင့်လို့မရလို့..”

“ ကျောင်းက ပေးလိုက်တဲ့ အိမ်စာတွေရော ပြီးဘီလား”

“ဟုတ်..ပြီးဘီ..နောက်ပီး နက်ဖြန်ကျရင်လည်း ကျောင်းပိတ်တယ်လေ..ဦးရဲ့.. အဲဒါကြောင့် ဂိမ်းဆော့မလို့ပေါ့”

အင်း..ဟုတ်သား..နက်ဖြန် အာဇာနည်နေ့ ဆိုတော့ ကျောင်းပိတ်တာကိုး.. ကျနော် ဖိုးသိကြားလည်း မသိချင်ယောင်ဆာင်၍ တူငယ်အား မေးခွန်း ထုတ်လိုက်လေ၏။

“ နေပါဦးကွ.. နက်ဖြန်ဘာလို့ ကျောင်းက ပိတ်ရတာလဲ”

“အာဇာနည်နေ့ လို့ပြောတာပဲ..ဦးရဲ့”

“ကဲ..ဒါဆို အာဇာနည် ဆိုတာဘာလဲ.. အာဇာနည်နေ့ဆိုတာရော ဘာလဲ ဦးကို ပြောပြပါဦး”

“ဦးကလည်း ဒါလေးတောင် မသိဘူးလား.. အာဇာနည်ဆိုတာ အဆိုတော်လေ.. အာဇာနည်နေ့ ကတော့ ဟောလီးဒေးပေါ့..ဟွန်း”

“ ဟေ”

ကွန်ပြူတာဂိမ်းများကို ကျွမ်းကျင် ပိုင်နိုင်စွာ ကစားနိုင်သော ခေတ်သစ်မူလတန်းကျောင်းသား တူငယ်လေးက
ကျနော်ဖိုးသိကြားအား “အ” ရန်ကောဆိုသည့် မျက်နှာပေးနှင့်အတူ မဲ့ကာရွဲ့ကာ ပြန်လည်ဖြေကြားလိုက်သော
စကားအဆုံးမှာတော့ ကျနော် ဖိုးသိကြား၏ နှုတ်ဖျားမှ...

“ဟေ”

ဟူသော အာမေဒိတ်စကားတခွန်းသာ ရေရွတ် လိုက်နိုင်ပါလေတော့သတည်း…။




လွန်ခဲ့သော ၆၄ နှစ်က တိုင်းပြည်လွတ်လပ်ရေးအတွက် ကြိုးပမ်းရင်း မသမာသူ အာဏာရူးတစု၏ လုပ်ကြံမှုကြောင့်
ကျဆုံးခဲ့ရသော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆာင်ကြီးများအား
လှိုက်လှဲ ၀မ်းနည်းစွာဖြင့် အလေးပြုလိုက်ရပါသည်။

အားလုံးကို ချစ်ခင် လေးစားသော... ဖိုးသိကြား

Saturday, July 9, 2011

ဖွတ်အောက်ခံနိုင်ငံရောက် ဖိုးသိကြားရဲ့ ရင်ဖွင့်ပေးစာ

ဟဲလို 
အားလုံး..မာကလာပင်.. မင်္ဂလာပါ..
အားလုံးသော ညီအစ်ကိုမောင်နှမ မိတ်ဆွေ သင်္ဂဟအပေါင်းတို့.. ကျနော်ဖိုးသိကြား ရိုးသားစွာ စကားဆိုပါမည်။
ကျနော်ရဲ့ စေတနာစကား ဝေဒနာအမှားဖြစ်ခဲ့ပါက လွန်တာရှိ ၀န်တာမိပါလို့ ပြောလိုက်ပါရစေ...။

ရှေးဦးစွာ intro မိတ်ဆက် အနေနဲ့ပြောရသော် ကျနော်သည် ကိုယ့်ထမင်းကိုယ်စားပြီး မြန်မာပြည် ပြင်ပအာရှ
နိုင်ငံတခုမှာ အလုပ်လုပ်သော အလုပ်သမားတယောက်သာ ဖြစ်ပါ၏။ တချို့တချို့ ဘူမသိကိုးမသိ နာလပိန်းတုန်း
တချို့ စွတ်စွဲသလို နိုင်ငံရေးခုတုံးလုပ် ဒေါ်လာတွေတုပ်နေတဲ့ သူတို့အခေါ် ဒေါ်လာစား နိုင်ငံရေးသမား မဟုတ်ပါ။
 မိမိရဲ့ ကာယ။ညာဏအားမှ ရရှိသော လုပ်အားခဖြင့် ဒေါ်လာမစား ထမင်းသာစားသော မြန်မာလူမျိုးတဦးပါ။

ထိုသို့ တိုင်းပြည်ပြင်ပမှာ နေရသော်လည်း မိမိနှင့် စိတ်တူကိုယ်တူ အဖွဲ့များမှာ မိမိနိုင်ငံနှင့်လူမျိုးအတွက် နှမ်းစေ့
တစေ့မျှလောက် ငွေအားလူအား တတ်နိုင်သမျှ ပံ့ပိုးကူညီခဲ့ပါတယ်။ အဲဒီအတွက်လည်း ကိုယ့်လိပ်ပြာကိုယ်လုံခဲ့ပါတယ်။

ထားပါတော့။ အဓိက ကျနော်ပြောချင်တာကတော့ ယခုအချိန်မှာ ကျနော်ဟာ အခါအခွင့်ကြုံလို့ ကျနော်တို့တိုင်း
ပြည် ဖွတ်အောက်ခံနိုင်ငံကြီးဆီ ပြန်ရောက်နေချိန်မှာ မြင်တွေ့ကြားသိ ရသမျှတွေဟာ ရင်ထဲံမှာ ကလိကလိ ဖြစ်
လာလို့ ရင်ဖွင့်လိုက်ရခြင်းပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ကျနော့်ရဲ့ ကလိကလိတွေကို ရင်ဖွင့်ဖြစ်အောင် တွန်းအားပေးလိုက်တာကတော့ ဟိုနေ့ညက ကြည့်
လိုက်ရတဲ့ DVB TV မှ Talk2DVB အစီအစဉ်လေးပဲဖြစ်ပါတယ်။ (အမသီတာရေ့ အမနဲ့ ဦးနေဇော်နိုင်တို့ရဲ့
Talk2DVB အစီအစဉ်ကို ကြည့်လိုက်ရပြီး သကာလ ကျနော်လည်းရင်ဖွင့်ချင်လို့ ခုလို ရေးလိုက်ရတာပါ။ အမ
သီတာတို့ဆီကို စာရေး ရင်ဖွင့်လိုသော်လည်း ကျနော့ရဲ့ ရင်တွင်းစကားတွေက များပြားနေလို့ ဒီကနေပဲ ရင်ဖွင့်
လိုက်တာ..အမသီတာရေ့)

ပထမဆုံး ရင်ဖွင့်ချင်တာကတော့ ငွေစက္ကူကိစ္စပါ။ ဘယ်နိုင်ငံ ဘယ်တိုင်းပြည်မှာမဆို အသုံးအ၀င်ဆုံး အရေး
အပါဆုံး၊ တန်ဖိုးအရှိဆုံး အရာကိုပြပါဆိုရင် အဆိုပါနိုင်ငံရဲ့ ငွေစက္ကူပဲဖြစ်ပါတယ်။ အဲဒီအတွက်လည်း သက်ဆိုင်ရာ
နိုင်ငံတွေဟာ သူတို့ရဲ့ ငွေကြေးတွေကို အဆင်ပြေပြေ ကိုင်ဆောင်သုံးစွဲနိုင်ဖို့ ထုတ်လုပ်ထားကြပါတယ်။ ကျနော်မြင်
ဖူးသမျှ နိုင်ငံတကာငွေစက္ကူတွေဟာ သူဟာနဲ့သူ တင့်တယ်ကြပါတယ်။ စက္ကူဆိုလည်း စက္ကူအလျောက်။ ဒင်္ဂါး အ
ကြွေဆိုလည်း အကြွေအလျောက် ကောင်းမွန်ကြပါတယ်။ ကျနော်တို့နိုင်ငံမှာတော့ ငွေစက္ကူများကတော့ သိကြတဲ့
အတိုင်း အနူလက်ကမှ ကျက်သရေရှိလှဦးမယ်။ စုတ်ပြတ်ညိုမွဲစုတ်ပြဲ နေကြပါတယ်။ မြန်မာပြည်ရဲ့ အသေးဆုံးငွေ
ကြေးဖြစ်နေတဲ့ ၁၀၀တန် ၂၀၀ တန်တွေက အဆိုးဆုံးပေါ့။ ဒါ့အပြင်၁၀၀ အစား သကြားလုံးတို့ တစ်ရှူးတို့ ပြန်အမ်း
နေကြတဲ့ ညဏ်ကြီးရှင် တွေကိုပဲ ချီးကျူးရမလား မသိပါဘူး။ အကြွေတွေက တနေ့တခြား ရှားရှားလာလိုက်တာ
တနေ့တနေ့ အိပ်ထဲမှာလည်း သကြားလုံးတွေ တစ်ရှူးတွေက များများလာလို့ ဆိုင်တဆိုင်တောင် ဖွင့်လို့ရလောက်ပါပြီ။

သူများ တိုင်းပြည်တွေမှာ အကြွေကို ငါးပြား ဆယ်ပြားမှအစ အကြွေစနစ် မပပျောက်အောင် ဘယ်ပစ္စည်းမဆို
၉၅ပြား၊ ၉၉ပြား စသဖြင့် ပြားစွန်းများကျန်အောင် ရောင်းချကြပါတယ်။ ကျနော်တို့နိုင်ငံမှာတော့ ပစ္စည်းတန်ဖိုး
တွေဟာ သုညအားကိုးလို့ ၁၀၀၊၁၀၀၀၊၁၀၀၀၀ စသဖြင့် ရာပြည့် ထောင်ပြည့် သောင်းပြည့် အပြည့်ကိန်းတွေကို
ဦးစားပေးနေကြတော့ သြော်တို့နိုင်ငံကြီးဟာ အကြွေတောင်မသုံးတဲ့ ချမ်းသာတဲ့နိုင်ငံကြီးပါလားလို့ ကြံဖန် ဂုဏ်ယူ
မိပါကြောင်း။ ဖိုးသိကြားရဲ့ ညဏ်မွဲလေးနဲ့ တွေးကြည့်မိတာကတော့ နိုင်ငံတကာ ငွေစက္ကူများအလယ်မှာ မျက်နှာ
ငယ်နေရတဲ့ အဆိုပါ စုတ်ပြတ်သတ်နေတဲ့ ငွေမွဲလေးတွေကို သဲမကော်ထောင်လဲ ငွေစက္ကူများနဲ့ လဲလှယ်သုံးစွဲ
ငွေကြေးမဖောင်းပွစေရန် ထိုထို အစုတ်အပြဲများကို ဖျောက်ဖျက်လိုက်လို့ မရနိုင်ဘူးလားဆိုတဲ့ အတွေးကိုလည်း
ခပ်ကြောင်ကြောင် တွေးမိပါရဲ့..။

ရန်ကုန်ဇနပုဒ်မှာ နေတဲ့ ဖိုးသိကြားတယောက် နေပြည်တော်မြို့တော်ကြီးနဲ့ ဝေးကွာလှတာမို့ နေပြည်တော်ရဲ့
လမ်းပမ်း ဆက်သွယ်ရေး မည်သို့ရှိသည်မသိ။ ဖိုးသိကြားမှာ သွားစရာလာစရာရှိလျှင် ဘတ်စ်စကားသာ အားထား
ရတာမို့ ရန်ကုန်က ဘတ်စ်စကား စီးရတဲ့ အတွေ့အကြုံများဟာလည်း ဖိုးသိကြားကို ကလိကလိဖြစ် ရပြန်ပါတယ်။

၂၀၀တန် ၃၀၀တန် အထူးကားတွေ ပေါ်လာတာ ကြိုဆိုပါတယ်။ သို့သော် ကားတွေကပဲ နည်းတာလား? ခရီး
သည်တွေကပဲ များတာလားမသိ ထာဝရအမြဲ ကျပ်သိပ်ခဲ နေကြတာကတော့ ဖိုးသိကြား ကိုယ်တွေ့။ နောက်ပြီး
လကမ္ဘာမှာ မောင်းနေကြရသလို ချိုင့်တွေခွက်နေတဲ့လမ်း အလယ် Block တွေမရှိတဲ့လမ်းမှာ ကြမ်းချင်သလို
ကြမ်း.. ရမ်းချင်သလိုရမ်းနဲ့ Formula One က Racer တွေတောင် ရှီးဖော ခေါ်ရလောက်အောင် မြန်မာပြည်က
Driver တွေကလည်း ကားပေါ်က စာတန်းတွေ ဘေးချိတ် ရှေးအတိတ်က ဂျက်လေယာဉ် မောင်းရပါလို၏လို့
ဆုတောင်းခဲ့ကြသလားမသိ။ ခရီးသည်တွေကတော့ နေ့စဉ်ဘုရားတ ကုသိုလ်တွေရလို့။ ဒီကြားထဲ ကိုရွှေစ
ပယ်ယာများကလည်း လက်တို့တောင်းရင် ရှက်ဖို့ ကောင်းတယ်ဆိုတာ သူတို့သာကျင့်သုံးတာ ကိုယ်တိုင်တော့
မလိုက်နာကြ.. အကြွေဆိုပြန်မအမ်းချင်.. အကြွေရှိရင်လည်း မရှိ။ မရှိရင်လည်းမရှိ ဆိုပြီး မရှိစကား ကန်ထရိုက်
စွဲထားကြလေတော့ ဖိုးသိကြားတို့ ခရီးသည်တွေမှာ လေတာပေါ့ဗျာ လို့သာ အော်လိုက်ချင်ပါသည်။

ကားများကိုလည်း ခရီးသည်များအတွက် လုံလောက်အောင် တို့ချဲ့ပြေးဆွဲဖို့ လုပ်ကြပါဦး တာဝန်ရှိ အစိုးရ
လူကြီးမင်းတို့.. ခုတော့ ဖိုးသိကြားတယောက် ကားတခေါက်စီးပြီးရင် ကိုယ်အလေးချိန် ၁ပေါင် ၂ပေါင် ကျကျ
သွားလို့ ကားပေါ်က အဆင်း ဗိုက်ပြန်တင်းအောင် ပြန်ပြန်ဖြည့်နေရတာ အလုပ်တခု..။ တော်ကြာ ဗိုက်ပိန်သွားလို့
ဘောင်းဘောင်းက ရှောရှောကျတော့ ဒေါပွတဲ့ မမနဲ့တွေ့ရင် မလိုအပ်ပဲ ရုံးပြင်ကနားရောက်မှာ စိုးလို့ဗျို့။

ခုဆိုရင် ကေတီဗွီ၊ မာဆတ်နဲ့ နိုက်ကလပ်တွေကို ရက်၁၀၀ စီမံချက်နဲ့ နှိမ်နင်းနေကြပါတယ်။ ဖမ်းလည်းဖမ်း
ပါတယ်။ သို့သော်ငြား အဖမ်းခံကြရသူများမှာ တကယ့်အရေးပါ အရာရောက်သူများ မဟုတ်ဘဲ လက်အောက်
ငယ်သား ကော်မရှင်စား အစွယ်အပွားလေးများသာ။ ဖမ်းသူတွေကလည်း အသေးစားလေးတွေကို အရေးထား
ဖမ်းဆီးနေပေမယ့် တကယ့် အဓိပတိ ဒိုင်ချုပ်ကြီးတွေကတော့ ပန်းပန်လျက်ပါ။ ဖိုးသိကြားတို့ ရပ်ကွက်မှ
အစွယ်အပွားလေးတွေ ပါပါသွားပေမယ့် ၂လုံး ၃လုံး ယန္တရား ကြီးကတော့ အရှိန်မပျက် ဆက်လက် ချီတက်
နေဆဲ။ ဖိုသိကြားလည်း မနေနိုင်မထိုင်နိုင် မေးမြန်း စူးစမ်းလိုက်တော့ အဆိုပါ အဓိပတိကြီးများမှာ ယူနီဖောင်း
ဝတ် ယူနီဖောင်းချွတ် လူကြီမင်းများနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း မိသားစုဝင်များ ဖြစ်လို့ နေပါတယ်။

ဒါကြောင့်လည်း နှိမ်နှင်းရေးသမားများဟာ မထိရက်မတို့ရက် ဖြစ်နေကြတာကိုးဗျ. သစ်တပင်မှာ ရေသောက်မြစ်
ရှင်သန်နေသရွေ့ အပင်မှာ ရှင်သန်နေမြဲ ဖြစ်မှာပါ။ ခုလဲ တကယ့်ရေသောက်မြစ်ကြီးတွေကို မဖြိုနိုင်သရွေ့တော့..
အင်း... "ထူးမခြားနား" ပတ်ပျိုးကိုသာ ထပ်တိုးလို့ ဆိုနေမိပါတော့တယ်..။

နိုင်ငံတကာမှာ Cyber စစ်ပွဲတွေအတွက် ပြင်ဆင်ကြ ကာကွယ်ကြဖို့ အားထုတ်နေချိန်မှာ ဖိုးသိကြားတို့ တိုင်း
ပြည်မှာလည်း ကြိုတင်ပြင်ဆင်ကာကွယ်တဲ့အနေနဲ့ Internet Connection များးကို နှေးကွေးအောင် သုံးမရ
အောင် စီမံဆောင်ရွက် နေကြပါတယ်။ ဒါဟာလည်း ထိရောက်တဲ့ နည်းလမ်းတရပ်လို့ ယူဆထားကြတယ် ထင်
ပါရဲ့.. ဟုတ်တာပေါ့နော်. Internet ကောင်းကောင်း သုံးမရတော့ ဖြစ်ပေါ်လာမယ့် Risk တွေကလည်း နည်းပါး
သွားမှာပေါ့နော့။ လုံးလုံးမှ သုံးမရရင် ဒုံးဒုံးချ စိတ်အေးရဘီပေါ့..။ ဒါပေမယ့်ပေါ့ဗျာ.. အဟွန်း.

ဖိုးသိကြားတို့လို မိတ်ဆွေမင်သူ သူငယ်ချင်းခင်သူတွေအတွက်တော့ စိတ်နှလုံး ချုံးချုံးကျနေရပါတယ်။ သူငယ်
ချင်းမိတ်ဆွေတွေနဲ့ စကားစမည် သတင်းအချက်အလက် ဖလှယ်ချင်သော်လည်း လိပ်ကိုဘိုးတော် ခရုကို အဖေ
တော်ထားတဲ့ ကော်နက်ရှင်ဟာ အ၀ီစိကို မကြာခဏ အမြဲတမ်းကို အလည်ရောက်ရောက်သွားပါတယ်။ ဖိုးသိ
ကြားမှာတော့ ပြန်တက်လာနိုး တက်လာနိုးနဲ့ ထိုင်စောင့်ရင်း ငုတ်တုတ်တွေမေ့ အိပ်မက်တွေမက် ဟောက်သံတွေ
ဆက်ခဲ့ရတယ်။

တချို့ဆို ဖိုးသိကြားကို မာနကြီးသူ စိတ်ကြီးဝင်သူလို့တောင် ထင်နေကြဘီခင်ဗျ.။ သူတို့ထင်မယ်ဆိုရင်လဲထင်
စရာပဲ။ သူတို့က လာ "ဟိုင်း" ချိန်မှာ ကျနော်ဖိုးသိကြားကတော့ ပြန် "ဟိုင်း" ဖို့နေနေသာသာ "ဟ" ချိန်တောင်
မရလိုက်။ လိုင်းတွေက ကျကျသွားလို့လေ။ ဒီအတိုင်းသာဆိုရင်တော့ ကြာရင် ဖိုးသိကြား မရိုးသားဘူး ဆိုပြီး
အားလုံးက စွန့်ပယ်သွားမှာကိုလည်း စိုးရိမ်မိပါရဲ့.. ဒါကြောင့် အားလုံးကိုပြောချင်တာက ကျနော်ဖိုးသိကြားလေး
ကို ဗွေမယူပါနဲ့.. ကျနော့်ရပ်ရွာမှာ အင်တာမနက်နိုင်တဲ့အတွက် သင်တို့နဲ့ အဆက်အသွယ် မလုပ်နိုင်တဲ့ ကျနော်
ဖိုးသိကြားကို ခွင့်လွှတ်တော်မူပါ..လို့ပဲ ရုက္ခစိုးမင်းကို တောင်းပန်တဲ့ သရုပ်ဆောင်ဟိန်းမင်း လေသံနဲ့ပဲ နှပ်သံ
နှောလို့ ပြောလိုက်ရကြောင်း...။

အင်းမကောင်းတာတွေချည်း ပြောနေရတာ အားလည်း နာလှပါတယ်။ မြင်တွေ့ကြားသိ နေရတာတွေကလည်း
ကောင်းကရှား မကောင်းတာတွေ များနေလေတော့ အခက်သားကလားဗျာ..။ ဒါတောင် အများကြီး အများကြီး
ကျန်သေး။ ညည လူကြီးလူကောင်း အမည်ခံသူများရဲ့ သားသမီးတွေရဲ့ Racing တွေနိုက်ကလပ်မှာ ရိုက်နှက်ကြ
တဲ့ သတင်းတွေ၊ ဗိုလ်မှူးကတော် ဖွင့်ထားတဲ့ မာဆတ်မှ အရောင်းစာရေး(တောမှခေါ်လာစဉ် ပြောဆိုခဲ့တဲ့ အလုပ်)
အမည်ခံပြီး ၎င်းတို့ရဲ့ ဘ၀တွေကို ရောင်းကုန်အဖြစ်ရောင်းချနေကြရတဲ့ အမျိုးကောင်းသမီးလေးတွေ။ မတော်
မတရားနဲ့ စည်းစိမ်ချမ်းသာတွေ တနေ့တခြား တိုးပွားနေတဲ့ လူတစုနဲ့ အစော်ကားခံနေကြရတဲ့ လူထု..  စားစရာ
မရှိတဲ့သူနဲ့ ထားစရာမရှိတဲ့သူ စသည်ဖြင့် ကွာခြားလွန်းလှတဲ့ လူတန်းစား၂ရပ်.. သေနတ်သံ ဗုံးဆံတွေအောက်
ဒုက္ခတွေ ရောက်နေကြရတဲ့ တိုင်းရင်းသားတွေ.. စုံလို့ စုံလို့ပါပဲဗျာ..။

အင်းကောင်းတာလေးတွေ ရှာဖွေတွေးလိုက်ဦးမှ ရှာစမ်း..ရှာစမ်း..ဟား..ရှားမှရှားပါကလား.. မဖြစ်သေးပါဘူး။
ဖြစ်ညှစ်ရှာလိုက်ဦးမှ.. သြော်..တွေ့ဘီ..တော်ပါသေးရဲ့ ရေးစရာလေးရလို့.. ဟူး..မောလိုက်တာ. ဘာတဲ့ နိုင်ငံ့
ဝန်ထမ်းဟောင်းတွေ ပင်စင်ငွေတွေ တိုးတဲ့သတင်းပါ။ ဒါလေးက ကူသွားလို့ ရေးစရာလေး ရှိသွားတာ..။ အဲဒီ
သတင်းကိုတော့ မုဒိတာပွားစွာ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ ဒါပေမယ့် တက်ဖို့ရမယ်ရှာနေတဲ့ ကုန်ဈေး
နှုန်းကိုလည်း တားဆီးဖို့ လိုမယ်ဗျို့..

နောင်ကိုလည်း ကောင်းခြင်းတွေ မင်္ဂလာရှိတဲ့ အကြောင်းအရာတွေကိုပဲ ရင်ဖွင့်ချင်တဲ့ ကျနော်ဖိုးသိကြား ရင်ထဲ
မှာတော့ မကောင်းတာတွေ ရှားပြီး ကောင်းတာတွေ များလာမယ့် နိုင်ငံတော်ကြီး ဖြစ်လာနိုင်ပါစေလို့ ဆုတောင်းရင်း..

အားလုံးကို ချစ်ခင်လေးစားတဲ့.. ဖိုးသိကြား (09/07/2011)