Sunday, September 25, 2011

ရာဇ၀င်များရဲ့ သတို့သမီးဟာ မငိုပေမယ့်...



ခုတော့ ရာဇ၀င်များရဲ့ သတို့သမီးဟာ မငိုပေမယ့်
မျက်ရည်တွေစီးခဲ့ ရှိုက်သံသဲ့သဲ့ ပဲ့တင်ထပ်လို့...

သူမရဲ့ ဘ၀အစ မေခနဲ့ မေလိခ ပေါင်းဆုံလို့
ဆွန်ပရာဘွမ်ကို မွေးဖွား
ကမ္ဘာတလွှားမှာ ကျော်ကြားခဲ့တယ်..။

မြန်မာပြည်ထိပ်ဖျားမှစ အညတရဘ၀မှ
အထင်ကရ မြစ်တစင်းအဖြစ် စီးဆင်းခဲ့တဲ့ ဧရာဝတီ...
ရာသီတွေ ဘယ်လိုပြောင်းပြောင်း
မဟောင်းတဲ့ပုံရိပ်နဲ့ အားလုံးကို ချွေးသိပ်ခဲ့တယ်..။

သူမရဲ့ ရေပြင်ထဲမှာ ရာဇ၀င်တွေ ထင်ရှားခဲ့တယ်
ဒဏ္ဍာရီပုံပြင်မဟုတ်တဲ့ သရုပ်မှန် ဇာတ်လမ်းတွေနဲ့
မှတ်တမ်းတွေလည်း ထားခဲ့တယ်..။

ဆန်ရေစပါး စားနပ်ရိက္ခာ
ပြည်စုံကြွယ်အောင် ဆောင်ကျဉ်းပေးခဲ့တဲ့သူမ..
သတ္တ၀ါအများကို သနားချစ်ခင် မေတ္တာဝင်လို့
အသက်ရှင်ရေး စောင့်ရှောက်ပေးခဲ့တဲ့သူမ...

တကယ်တော့...
သူမဟာ ပေးဆပ်သူသက်သက်
သူမရဲ့သားသမီးတွေအတွက်
သွေးအသက်ကိုယူယူ ကြည်ဖြူသော်ငြား
တိုင်းတပါးသား နယ်ခြားလူအတွက်တော့ မကြည်ဖြူနိုင်ခဲ့..

ဒါပေမယ့်...
အသားထဲကလောက် သစ္စာဖောက်တွေကြောင့်
သူမအသက်ကိုစတေး တိုင်းတပါးကို ပေးရတော့မယ်။
ရက်စက်သူတွေရဲ့ဒဏ် အံတု ခံနိုင်ပေမယ့်
သူမအပေါ် မှီခိုလေတဲ့ သားသမီးတွေရဲ့ သောက ကိုကြည့်ရင်း
မျက်ရည်တွေ စီးဆင်းနေတဲ့ မြစ်တစင်း..။

ဘ၀အစ လှပခဲ့လည်း..
နှလုံးသွေးပျက် နှိပ်စက်တဲ့ဒဏ် ခံနေရတဲ့ သူမ
လောဘသားတစုက အဓမ္မသိမ်းပိုက်
မိုက်ဇတ်တွေခင်းတဲ့ ဇာတ်လမ်းမှာ ရင်စည်းခံရင်း
မျက်ရည်မြစ်တစင်း အဖြစ်အသွင်ပြောင်း
ဘ၀နေ၀င်နောက်ဆုံးချိန်ထိ ပေးဆပ်နေဦးမယ့် သူမ..
သေချာတာတခုက..
ခု.. ငါတို့သောက်သုံးနေတာ သူမရဲ့မျက်ရည်တွေပါ..

ခုတော့ ရာဇ၀င်များရဲ့ သတို့သမီးဟာ မငိုပေမယ့်
မျက်ရည်တွေစီးခဲ့ ရှိုက်သံသဲ့သဲ့ ပဲ့တင်ထပ်လို့..


လူနည်းစုဘ၀ကောင်းစားပြီး ပြည်သူအများ ဒုက္ခများမည့် စီမံကိန်းများအား ဆန့်ကျင်ကန့်ကွက်ပါ၏..။
မိခင်ဧရာဝတီ နှိပ်စက်ခြင်းမှ ဝေးပါစေ..။

အားလုံးကို ချစ်ခင်လေးစားသော...ဖိုးသိကြား