Monday, July 9, 2012

ရောင်းကောင်းနေတဲ့ မျက်နှာဖုံးများ

ရောင်းကောင်းနေတဲ့ မျက်နှာဖုံးများ

တခါတရံအမြဲတမ်းမှာ

အမှားတွေက အောင်ပွဲရကြတယ်..

မုသားတွေက ခပ်တည်တည်နဲ့စင်ပေါ်တက်လို့

မာယာတွေ ဈေးကောင်းရတဲ့ခေတ်မှာ

သစ္စာတရားဟာ မြောင်းပုပ်စော်နံနေတယ်..

ကလေးဘ၀က၀တ်ခဲ့တဲ့

ကျောင်းဝတ်စုံအဖြူလေး

ညစ်ထေးထေးနဲ့အရောင်မွဲနေပြီ

ဘ၀ဆိုတဲ့ကြိုးဝိုင်းအတွင်းမှာ

ရိက္ခာရဲ့အလဲထိုးခြင်းခံလိုက်ရတဲ့သိက္ခာတရား

ပန်းကုံးတွေကပြောတယ်

သူတို့ဟာစက်ရုံလုပ်သားတွေရဲ့

လုပ်အားခတွေနဲ့ဖန်တီးထားတာတဲ့

အသပြာရဲ့မျက်လှည့်ပြကွက်တခုမှာ

တရားလိုက တရားခံဖြစ်သွားတယ်..။

မနက်ကအလှူခံထွက်တဲ့ဂေါပကလူကြီး

မာဆတ်ခန်းထဲဝင်သွားပါလား

တိုက်တွေအများကြီးဆောက်တဲ့ ပန်းရံဆရာကတော့

သူများအိမ်မှာ ခိုငှားနေရဆဲ

ယတြာချေကောင်းတဲ့ဗေဒင်ဆရာလည်း

သူ့အိမ်ကထရံပေါက်ကျ

မဖာထေးနိုင်ဘူး

ဆန္ဒနဲ့ဘ၀က မျဉ်းပြိုင်နှစ်ခုအသွင်

ဖောင်စီးရင်းလည်း ရေငတ်နေကြလေရဲ့

ထော်လော်ကန့်လန့်လောကကြီးကို

အရွဲ့တိုက်လိုက်တဲ့လူ

နောက်ဆုံးကျ သူပဲရွဲ့သွားသတဲ့

ဘာပဲပြောပြော

ဒီနှစ်ဘုရားပွဲမှာလည်း

မျက်နှာဖုံးရုပ်တွေပဲ

ရောင်းကောင်းနေပြန်တယ်..။


အားလုံးကိုချစ်ခင်လေးစားသော..ဖိုးသိကြား (09/07/2012)

No comments: