Wednesday, March 30, 2011

နှလုံးသားသို့ ၀န်ခံခြင်း

ပြာလွင်နေတဲ့ ကောင်းကင်တခုအောက်မှာပဲ
ကောင်မလေးတယောက်နဲ့ဆုံခဲ့တယ်
ကလေးဆန်တဲ့မျက်နှာ
ကြည်လင်တဲ့မျက်လုံး
ဖြူစင်တဲ့အပြုံးတွေကြားမှာ
ငါ့နှလုံးသားက ပန်းတပွင့်ဖူးငုံသစ်ခဲ့တာ
သတိမမူမိလိုက်ဘူး...

မှော်ဆန်ဆန်ပဉ္စလက်တွေမသုံးခဲ့ပေမယ့်
မင်းရဲ့ အပြုံးတွေအောက်မှာ
ရုန်းမရခဲ့ဘူး..
မင်းရဲ့ အမိန့်တော်အောက်မှာ
နောက်မတွန့်ခဲ့ဘူး..
မင်းရဲ့အကြည့်တွေ အောက်မှာ
ရိုကျိုးတဲ့ တပည့်တယောက်အလား...

ဒါဏ်ရာရကြေမွနေတဲ့ နှလုံးသားကို
သံယောဇဉ်မြေသြဇာတွေ..တွင်တွင်လောင်း
လောင်းရိပ်ကလွတ်ကင်း ပန်းတပွင့်ပွင့်လာအောင်
မြေလောင်းပေါင်းသင်ခဲ့တဲ့ ဥယျာဉ်မှူးကလည်း
ငါ့နှလုံးသားရဲ့သခင် မင်းပါပဲ...

ကောင်မလေးရေ..ဖြူစင်တဲ့ပါးမှာ
သနပ်ခါးပါးကွက်ကြားလေးကိုလူး
မြူးမြူလေးကြွနေတဲ့ မင်းကို
မြတ်နိုးစွာခိုးကြည့်ရင်း နှလုံးသားတွေ
ငုတ်တုတ်မေ့နေခဲ့တာ သိမှသိပါလေစ...

မင်းနဲ့အတူရှိနေတဲ့အချိန်
တိမ်တွေက လှပလို့..
လေညင်းလေးတွေက ညှင်းသွဲ့လို့..
ပန်းပွင့်လေးတွေက သင်းပျံ့လို့..
ရှင်းသန့်နေတဲ့ လောကကြီးအဖြစ်
အရာရာကို ငါနှစ်သက်ခဲ့တယ်...

ကောင်မလေးရေ..
ခုတော့ကံတရားက ညဏ်များလို့
တို့တွေကို ခွဲထားကြတော့မယ်လေ
အယူခံဝင်ခွင့်မရှိတဲ့ဘ၀မှာ
တို့ကို ရက်စက်စွာနဲ့
မင်းနဲ့ဝေးရာ ခေါ်သွားကြတော့မယ်..

ဘယ်တတ်နိုင်ပါ့မလဲ
ကံတရားရဲ့စေညွန်းရာ
ကျရာနေရာသွားရဦးမှာဆိုတော့
ကောင်မလေးရေ..တခုတော့ကူညီပါကွာ
တို့ရဲ့ နှလုံးသားတခုကို ဥယျာဉ်မှူးမင်းလက်ထဲမှာပဲ
အပ်ခဲ့ပါရစေ..

တနေ့တို့တွေ ပြန်ဆုံခဲ့ကြရင်
မင်းနဲ့တို့ရဲ့ နှလုံးသားတစုံကို ထပ်လို့
ရှေ့ကိုဆက်ကြပါစို့..
တို့ရဲ့နှလုံးသားကို မှိုမတက်အောင်တော့
စောင့်ရှောက်ပေးပါကွာ

ကောင်မလေးရေ..
ဟိုမှာကြည့်လိုက်ပါဦး
တို့ရဲ့စကားကို ကြားသွားလို့
ကောင်းကင်မှာ တိမ်တွေငိုနေဘီ
လေညင်းတွေလည်း ငြိမ်သက်နေလို့
ပန်းပွင့်တွေက မြေလွှာထက်
တဖတ်ဖတ်ကြွေကြရင်း...










ဖိုးသိကြား ခံစားရေးဖွဲ့သည်..။

Tuesday, March 29, 2011

စည်းလုံးခြင်းခွန်အားဖြင့်..


အို....သူငယ်ချင်းတို့...

ရေစက်တပေါက် ခံယူသောက်က

မပျောက်ရေဆာ ဖြစ်နေပါငြား

ရေများစုလျက် ရေတခွက်အား

သောက်မိထားက ပြည့်ဝခွန်အား

ရရှိသွားလိမ့်...


နှမ်းတစေ့ဖြင့် ဆီမဖြစ်ပါ

စာဆိုစကား ရှိသော်ငြားလည်း

နှမ်းစေ့အများ ကြိတ်ကာထားက

ဆီများအဖြစ် ရောက်ရှိလစ်သို့...


တချပ်အုတ်ကား သူ့ချည်းထားက

ထူးခြားမပေါ် ရှိပါသော်ငြား

အုတ်များပေါင်းစု ထူထောင်ပြုက

လှပတိုက်တာ ဖြစ်လာပါဘိ...


အို....သူငယ်ချင်းတို့...

ငါတို့ရဲ့အား စွမ်းရည်များက

ရေတခွက်အား မရောက်ငြားလည်း

ရေစက်တစက် စွမ်းဆောင်ချက်ထုတ်...

ဆီမဟုတ်ငြား ဆီဖြစ်စေရန်

အခြေခံထား နှမ်းတစေ့အလား...

လှပတိုက်တာ မဟုတ်သော်ငြား

အုတ်သားတချပ် စွမ်းဆောင်ချက်နဲ့...

တို့ရဲ့နိုင်ငံ တို့လူမျိုးများ

ကောင်းစားဖို့ရေး အလေးပေးလို့

ကြိုးစားကြစို့ သွေးချင်းတို့..


အာဏာရှင်စနစ် ကျဆုံးပါစေ။။။
မြန်မာပြည်သူ ပြည်သားများ စစ်အာဏာရှင် လက်အောက်မှ အမြန်ဆုံး လွတ်မြောက်ပါစေ။။။

အားလုံးကို ချစ်ခင်လေးစားသော..ဖိုးသိကြား (၂၉-၀၃-၁၁)

ဖိုးသိကြား ခံစားရေးဖွဲ့သည်...။

Tuesday, March 22, 2011

လျော်ကြေး

လျော်ကြေး

by ဖိုး သိကြား on Tuesday, March 22, 2011 at 11:19pm

သံယောဇဉ်နွယ်တခက်
တွယ်ပတ်ခွင့်ပေးလိုက်မိတာငါ့အမှားလား?
သတိမထားမိလိုက်ချိန်မှာ
တရစ်ရစ်နဲ့တိုးဝင်
နှလုံးသားတခွင်ကို သူသိမ်းပိုက်လို့
အောင်လံစိုက်ထူလိုက်ပီလေ..

ချစ်အမှုတော်ထမ်း
သစ္စာရှိတဲ့ ရဲမက်တွေကလည်း
မာယာလက်နက်ပုန်းတွေသုံး
နှလုံးသားကိုချနင်း
စစ်တလင်းအဖြစ် အသက်သွင်းလို့
နှလုံးသားမြေပြင်မှာ
ဖွာလန်ရှုပ်ပွရင်း
ဒဏ်ရာအနာတရတွေက
များသည်ထက်များ...

နောက်ဆုံးတော့..
ရှုံးနိမ့်ခြင်းရဲ့ပြစ်ဒဏ်...
စစ်မှန်တဲ့နှလုံးသားနဲ့အတူ
ပျော်ရွှင်ခြင်း။တက်ကြွခြင်းတွေကို
လျော်ကြေးအဖြစ်ပေးဆပ်
နှစ်သိမ့်ဆုလာဘ်အဖြစ်
့ပြန်ရလိုက်တာက
စုတ်ချာချာသေတ္တာတလုံး
အထဲမှာတော့
ဝမ်းနည်းခြင်းတွေကအပြည့်....
 







ဖိုးသိကြား (၂၂-၀၃-၁၁)

Wednesday, March 16, 2011

ငါခံစားနေရလို့ပါ...




သွေးပျက်ဖွယ်ရာ မြင်ကွင်းတွေ ငါ့ရှေ့မှာဖြတ်ပြေးသွားတယ်

ထိတ်လန့်နေတဲ့ မျက်ဝန်းတွေက ခြောက်ကပ်ဖျော့တော့စွာနဲ့

တားမရတဲ့ လှိုင်းတွေက အရိုင်းကောင်လို ဂမူးရူးထိုး ၀င်ရောက်ခဲ့တဲ့နောက်

အရာအားလုံးဟာ အနိစ္စအောက် ပြားပြားမှောက်ခဲ့ရဘီ။

ဖြစ်ခြင်းနဲ့စပြီးရင် ပျက်ခြင်းမှာ အဆုံးသတ်တာ မှန်ပေမယ့်

အစခက်သလောက် အဆုံးသတ်ကျတော့ လွယ်လွန်းလှတာ တရားရဲ့လား???

ငါအော်ဟစ်နေလဲ ဘယ်သူမှ ငါ့ကို အဖြေမပေးကြပါလား

ကြယ်တွေ၊ လတွေ စိန်းလန်းနေတဲ့ တောင်တန်း.ပြာလွင်နေတဲ့ ရေပြင်တွေနဲ့

လှပနေတဲ့ တို့ကမ္ဘာကို ဘယ်လို မိစ္ဆာနတ်ဆိုးက ၀င်နှောက်ခဲ့တာလဲ..

ဟယ်..အရိုင်းအစိုင်းမိစ္ဆာ ဘာ့ကြောင့် တို့ကမ္ဘာလေးကို ဖျက်ဆီးချင်တာလဲ??

ငါတို့ရဲ့မျက်ရည်တွေ သင်သောက်သုံးခဲ့တာ မ၀သေးဘူးလား???

သင့်အတွက် ငါတို့ ဘယ်လောက်ထိအောင် ပေးဆပ်နေရဦးမှာလဲ

ဒီလောက်ဆို ကျေနပ်ပါတော့..ငါတို့ ဒူးထောက်အရှုံးပေးပါတယ်ကွာ..

နက်ဖြန်ဆိုတာ ဘာလဲ..ဘယ်လဲဆိုတဲ့ မေးခွန်းတွေ အတွက်

အဖြေက ရေရေရာရာ မရှိ...

ကြည့်ရင်းကြည့်ရင်းနဲ့ ငါ့မျက်စိတွေေ၀၀ါးလာဘီ.

ခုချိန်မှာ မမြင်တာဘဲ ကောင်းပါတယ်ကွာ

အကန်းတယောက်ရဲ့ တန်ဖိုး ငါသိနားလည်သွားဘီ

နားထဲမှာတော့ ငိုသံတွေကို ကြားနေဆဲ...

ငါ့နားကိုပါ ထိုင်းခွင့်ပေးပါ..

ခုချိန်မှာ ဘာမှမမြင်...ဘာမှမကြားသောသူသာ ဖြစ်လိုပါ၏

ငါခံစားနေရလို့ပါ..



ဂျပန်ပြည်သူပြည်သားများနှင့် ထပ်တူထပ်မြတ် ၀မ်းနည်းပါ၏.။

တို့ကမ္ဘာအတွင်းမှာ များသတ္တ၀ါ..ချမ်းသာကိုယ်စိတ်မြဲပါစေ..
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး..ငြိမ်းအေးကြပါစေ...

အားလုံးကိုချစ်ခင်လေးစားသော..ဖိုးသိကြား (၁၆-၀၃-၁၁)

Monday, March 14, 2011

ရင်နာစွာနဲ့ အန်ထုတ်လိုက်တဲ့ ကဗျာတပုဒ်

ရင်နာစွာနဲ့ အန်ထုတ်လိုက်တဲ့ ကဗျာတပုဒ်




ဟိုရှေ့ကဆူဆူညံ..ဘာသံတဲ့လေး

မေးပါနဲ့လေ..ဒီမိုကရေစီတော်လှန်ရေးအတွက်

ဆဲဆိုသံပေး..

ဟိုနားကပူညံညံ..ဘာသံတဲ့လေး

မေးပါနဲ့လေ..တယောက်ကိုတယောက်ခွက်စောင်းခုတ်ဖို့

ကြံနေကြသေး...

အွန်လိုင်းကညစ်ထောင်ထောင်..ဘာကောင်တဲ့လေး

မေးပါနဲ့လေ..အမေစုကို ဟောင်ဟောင်နေတဲ့

ခွေးကောင်ပေါ့လေး...

ဟိုတိုင်းကလှုပ်လှုပ်ရှား..ဘာများတဲ့လေး

မေးပါနဲ့လေ..ငလျင်ဒဏ်နလံပြန်ဖို့

ကြိုးပမ်းလို့လေး...

တို့တိုင်းကတီးတိုးသံ..ဘာသံတဲ့လေး

မေးပါနဲ့လေ..ပြည်သူတွေကျပ်တည်းကြလို့

ညီးတွားသံပေး...

ဟိုလူတို့စည်းဝေးတာ..ဘာတွေတဲ့လေး

မေးပါနဲ့လေ..နိုင်ငံကိုဥသျှောင်ဖွဲ့လို့

အုပ်ချုပ်ဖို့အရေး...

တို့တတွေဘယ်ခါမှ..လွတ်မြောက်မယ်လေး

မေးပါနဲ့လေ..ညီညွတ်မှုပျောက်နေပါလို့

လွတ်မြောက်ဖို့ဝေး...



(ရင်မှကဗျာတပုဒ်ကို ရင်နာစွာနဲ့ အန်ထုတ်လိုက်ပါ၏)
အားလုံးကို ချစ်ခင်လေးစားသော...ဖိုးသိကြား..(၁၄-၀၃-၁၁)

Friday, March 11, 2011

ဖိုးသိကြားနဲ့ နအဖဂီတပဒေသာပွဲတော်ကြီး(Zသိမ်း)

ဖိုးသိကြားနဲ့ နအဖ ဂီတပဒေသာ ကပွဲကြီး(Zသိမ်း)



နောက်ဆုံးဖျော်ဖြေဖို့ အလှည့်ကျသူကတော့ ပြည်သူအများ မေတ္တာထားတဲ့ ပြည်သူ့အချဉ်တော် ဒါလီသိန်းလင်းပဲ
ဖြစ်ပါတယ်။ ဒါလီသိန်းလင်းသီဆိုမယ့် သီချင်းကတော့ အေသင်ချိုဆွေ ရဲ့ "တင်းတယ်" ဖြစ်ပါတယ်...

ကျန်ုပ်တို့ အချဉ်တော်ကြီး ဒါလီသိန်းလင်း ခံစားမှုအပြည့်နဲ့ ပေါက်ကွဲသံစဉ်များထွက်လာပါပြီ..။

♫..♫...လမ်းတ၀က်ပဲ ခင်းပေးတာငါ~~၀န်ထမ်းတွေလဲ ဆဲရတာငါ~~~
.....ဆိုးတယ်လို့ သတင်းကြီးနေတာ~~အစစ်ပါ... ♫..♫

♫..♫သတင်းထောက်လည်း ချဲခဲ့တာငါ~~မဲတွေလည်း ခိုးခဲ့တာငါ~~~
....ချီးထုတ်လည်း ထိခဲ့တာငါ~~အစစ်ပါ..♫..♫

♫..♫အခုတော့ကွာ..သွားဘီ အလကား~~~ဖွတ်တက်ကာ မွဲသလိုပါလား~~
~~ရင်နာစရာ လုပ်ရက်ခဲ့တာလား...♫..♫

♫..♫(~~ဒီမှာ..တင်းတယ်..တင်းတယ်..တင်းတယ်..တင်းတယ်ဟေ့~~~
လူသိသူသိ..ဒုက္ခများရှက်စရာ~~ဒီမှာ..တင်းတယ်..တင်းတယ်..
တင်းတယ်..တင်းတယ်ဟေ့~~ချောင်ထိုးခံရ..ငါ့ဘ၀ကြီး ရှက်စရာ~~)♫..♫

♫..♫အခြောက်လိုလဲ ၀တ်ရတာငါ~~ချိတ်ထမီလည်း ၀တ်ခဲ့တာပါ~~
ဖိုးရွှေအတွက် အရှက်မဲ့တာငါ~~အစစ်ပါ..♫..♫

♫..♫သတင်းထောက်လည်း ချဲရတာငါ~~မဲတွေလည်း ခိုးရတာငါ~~~
....ချီးထုတ်လည်း ထိခဲ့တာငါ~~အစစ်ပါ..♫..♫

♫..♫အခုတော့ကွာ............................ရှက်စရာ...♫..♫

ဒါလီသိန်းလင်းမှာ အေသင်ချိုဆွေ သီချင်းကို ဒါလီလင်းစတိုင်ဖြင့် မုဒ်အပြည့်ထည့်ကာ သီဆိုနေလေ၏။ အောက်မှ
ပရိတ်သတ်များမှာ အကုန်လုံး လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြသည်။ ထိုအချိန်မှာပဲ တစုံတဦး စင်ပေါ်တက်လာပြီး ဒါလီ
သိန်းလင်းလက်ထဲမှ မိုက်ကို လုယူလိုက်ပြီး ဒါလီသိန်းလင်းကိုလည်း တွန်းထုတ်လိုက်လေသည်။ လုံခြုံရေးများ
လည်း ရောက်ရှိလာကာ ဒါလီသိန်းလင်းကို ဆွဲခေါ်သွားလေရာ ယက်ကန်ယက်ကန်ဖြင့် ပါသွားလေတော့သည်။
ကျန်ုပ်တို့လည်း စဉ်ပေါ်တက်လာသူကို ကြည့်လတ်သော်...

ဟိုက်..ရှားလဘား..တကယ့်မိုက်ခဲကျော်ကြီး တက်လာတာကိုး..ကျန်ပရိတ်သတ်များ အားလုံးကလည်း နှုတ်မှ
ဝမ်းရွှေ..၀မ်းရွှေ..၀မ်းဝမ်းရွှေ( ရွှေထဲမှာနံပါတ်1ဖြစ်တဲ့ ဖိုးသန်းရွှေ ကျန်းမာပါစေ) ဟုသုံးကြိမ်တိုင်တိုင် ဂါရ၀ပြုကြ
လေ၏။ ပြီးနောက် တယောက်တပေါက်ဖြင့် ဆူညံနေကြသဖြင့် ဖိုးရွှေကြီးမှ ၎င်း၏ လက်ကိုကာပြလိုက်ပြီး စိုင်းစိုင်း
စတိုင်ဖမ်း ချိတ်ထမီလေး မ ကာ မကာဖြင့် "♫..♫ဖိုးရွှေ..မင်းတို့ရှေ့မှာရောက်နေဘီ~~မင်းတို့ ပါးစပ်တွေ ချက်ချင်း
ကို ပိတ်ထားလိုက်..ရို့..ရို့♫..♫"ဟုအော်လိုက်ရာ "ဖိုးရွှေစကားအလေးထား၊မြေ၀ယ်မကျ နားထောင်ကြ" ဟူသော
ဆောင်ပုဒ်ကို လက်ကိုင်ထားသည့် နအဖများမှာ ချက်ချင်း တိတ်ဆိတ်သွားကြလေတော့သည်။

ဖိုးရွှေကြီးမှာ တရှုးရှုးဖြင့် အဂုင်္လိမာလမှ အရက်မူးနေသော နာဠာဂီရိဆင်ကို စီးကာ ပတ်ရမ်းနေသကဲ့သို့ ဖြစ်နေချေ၏။
"ကဲ..အားလုံးကို ကြေငြာတယ်..အောင်ပိန်းမြင်းဆိုတဲ့ကောင်ကို ရာထူးကချတယ်ကွာ..။ ဘယ်သူဘာပြောမလဲ.?ပြော
မင်းဘာကောင်လဲ..ငါဘာကောင်လဲ..ဘယ်သူဘာကောင်လဲ.. ပြောကြစမ်း.." အားလုံးမှာ တုပ်တုပ်မျှပင် မလှုပ်ဝံ့ချေ။

"အေး..ငါပြောမယ်ကွာ.. မင်းဘာကောင်လဲဆိုတော့ ငါသိကြားပဲ..ငါဘာကောင်လဲဆိုတော့ နင်ကတော့ဒေ၀ဒတ်တပည့် အာဏာရှင်ဘီလူး..ဘယ်သူဘာကောင်လဲဆိုတာကတော့ ဒီမှာရှိတဲ့သူအားလုံး ငပုတ်သင်နဲ့ ငဖားကောင်တွေချည်းပဲ.."
ကျနုပ်လည်း အမြင်ကတ်လာဘီဖြစ်၍ မတ်တပ်ရပ်ကာ ပြောချလိုက်လေတော့သည်း

ထိုအခါမှ ဖိုးရွှေတယောက် ချက်ချင်းလေသံပြောင်း၍ ဟယ်..ဘယ်သူများလည်းလို့ ဖိုးသိကြားပါလား.လောင်းတိုင်းနိုးဆီး
မတွေ့ရတာကြာလှပေါ့..နေကန်းတယ်နော်..ကြည့်စမ်းပါဦး..လှလို့ဝလို့ ပါလား..ကျန်တဲ့ကောင်တွေအားလုံး အပြင်ထွက်
ဒီမှာ ငါနဲ့ဖိုးသိကြားနှစ်ယောက်တည်း စကားပြောမလို့.. ဟုဆိုကာ မောင်းထုတ်လိုက်လေသည်။ အမှန်တော့ ကျန်ုပ်နှင့်
ပြောလျှင် ၎င်း၏ ဂုဏ်သိက္ခာထိခိုက်မည့် စကားများပါလာမည်ဖြစ်သဖြင့် ထိုသူများ မကြားစေလိုခြင်း အလို့ငှာ မောင်း
ထုတ်လိုက်ခြင်းပင်..။

"ဖိုးသိကြားက သင်္ကြန်မှမလာဘဲ ဘာလို့ အစောကြီးလာရတာလဲ"

"ငါ့ဖာသာငါ ဘယ်အချိန်လာလာ သင့်အပူလား..အခုလာရတာလဲ သင့်ကြောင့်ပဲ"

"ဘာမှလဲ လုပ်ဘဲနဲ့ သူများကို စွတ်ဆွဲနေတယ်..ဖိုးသိကြားနော်..ဟင့်"

"တော်စမ်း..ချိတ်ထမီတွေဝတ်ပြီး စကားကိုပါ ချိတ်တိတ်တိတ် လာပြောမနေနဲ့..အ၀ီစိရောက်မှပြော..သင်တို့လုပ်ရပ်
ကြောင့် ခု ကုန်ဈေးနှုန်းဆိုတဲ့ကောင် ငါဆီလာပြီး မထေမဲ့မြင် လုပ်သွားလို့.."

"ငါက ကုန်ဈေးနှုန်းကို မှီအောင် လစာတိုးပေးမယ်လေ"

"တော်စမ်း လစာကတိုးမယ်လို့ သဲ့သဲ့ပဲ ရှိသေးတယ် ပြည်သူတွေက ယဲ့ယဲ့ဖြစ်နေဘီ"

"ဒါကတော့ ငါလည်း မတတ်နိုင်ဘူးလေ.."

"မတတ်နိုင်လို့ဖြစ်မလား.. ပြည်သူ့ငွေတွေ ဘုန်းတာကျတတ်နိုင်တယ်ပေါ့.ဟုတ်လား"

"မင်းသိသလို မထင်ပါနဲ့..မင်းတွေးသလိုမမြင်ပါနဲ့"

"ရူးသလို ပေါသလိုလာလုပ်မနေနဲ့..အခွက်ကိုက ပြောင်ချော်ချော်နဲ့ တယ်လေ..ငါလုပ်လိုက်ရ.."

"အခွက်ပြောင်တာကတော့ အကျင့်ဖြစ်နေလို့ပါ..။ တို့များက အရှက်မရှိမှ အဆင်ပြေမှာလေ..ဟိ..ဟိ"

"အဲဒါပြည့်တန်ဆာတွေပြောတဲ့စကားကွ..လူမှန်ရင် အရှက်ရှိရမယ်.။ ဟုတ်ပါတယ်။ သင်ကတော့ အရှက်
မရှိတာယုံတယ်။ အရှက်ရှိခဲ့ရင်လည်း ခုလို နှစ်၂၀ကျော် တိုင်းပြည်ကို ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး.."

"အဟိ..ဟိ..ဒါပဲလား..ဘာတွေပြောဖို့ရှိသေးလဲ"

"ရှိတာပေါ့..နောက်တခုက သင်တို့ နိုင်ငံတော်သုံးစရိတ်မှာ ကာကွယ်ရေးအတွက် ၂၃.၆% တောင် ကျန်းမာရေး
အတွက်ကျ ၁.၃%ဆိုတာ ရှင်းစမ်းပါဦး.."

"ဒါကဒီလိုလေ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ဆိုတော့ ဒီလောက်တော့ရှိမှာပေါ့.."

"ဘာကာကွယ်ဖို့လဲ ပြည်သူတွေအသက်က သင်တို့မှ မသတ်ရင် ဘယ်သူမှသတ်မဲ့သူမရှိဘူး. တခြားနိုင်ငံတွေကလည်း
သူတို့ကို ရန်မစရင် ဘယ်သူမှ မတိုက်ခိုက်ဘူး။ ခုတော့ပြည်သူကို နှိပ်စက်ဖို့ လက်နက်တွေ ထပ်ဖြည့်နေတာပေါ့လေ..။
ဘာလဲ..လေယာဉ်တွေဝယ်ပြီး ကဒါဖီလို ပြည်သူတွေကို ဗုံးကြဲဦးမလို့လား။ ခုပဲကြည့် လေယာဉ်တွေအ၀ယ်ကောင်းလို့
ခုဆိုသင့်လက်အောက်က အရာရှိ၂ဦး သေဘီမဟုတ်လား။ သူများနိုင်ငံသားတွေ သေတာကို လျော်ကြေး ဒေါ်လာသုံး
သောင်းကျော် ပေးတယ်..သင်ကရော ဘယ်လောက်ပေးသလဲ. သတင်းတောင် သေသေချာချာ မဖော်ပြနိုင်ဘူး။ နာရေး
သတင်းလောက်ပဲ ဖော်ပြတယ်..သင်ဟာ ဘယ်သူသေသေ ငရွှေမာပြီးရောဆိုတဲ့ လူစားပဲ.."

"ဒီမှာဖိုးသိကြား..အဲဒီအရာရှိ၂ယောက်ကြောင့် ငါတို့ နအဖ ဂုဏ်သိက္ခာညှိုးနွမ်းရတယ်။ လေယာဉ်တောင် အစားပြန်ပေး
လို့ တော်သေးတယ်.။ နို့မို့ဆိုမလွယ်ဘူး..ပိုက်ဆံအများကြီး ပေးဝယ်ထားရတာ.."

"ဩော်..ဒါဆို သင်က ကျန်ရစ်သူမိသားစုဆီက အသရေဖျက်မှုနဲ့ နစ်နာကြေး ပြန်လိုချင်သေးတယ်ပေါ့.."

"ငါကသဘောထားကြီးပါတယ်.. အမှုမလုပ်တော့ပါဘူး.."

"သာဓုပါကွာ.သာဓုပါ..မောင်မင်းကြီးသား မကျန်းမာဝဋ်လိုက် ငရဲမြန်မြန်ရောက်ပါစေ.လို့ဆုတောင်းပေးပါတယ်.."

"ဟုတ်တယ်..ငါ့လို ပြည်သူ့အပေါ် မေတ္တာထားတာ ရှားတယ်နော်."

"သြော်..မေတ္တာထားလို့ လူသတ်ဖို့အတွက် ပိုက်ဆံများများသုံးပြီး ကျန်းမာရေးအတွက်ကျ နည်းနည်းလေးပဲ သုံးတာ
ပေါ့.ဟုတ်လား.."

"အဲဒါလည်း ဒီလိုရှိတယ်။ ငါက ကုသိုလ်ရေးကို အားပေးနေတာပါဟ.."

"ဘာ..ဘယ်လို?"

"ဟုတ်တယ်လေ..ခုဆိုတို့နိုင်ငံမှာ ကုသိုလ်ဖြစ်ဆေးခန်းတွေ။ ဆေးရုံတွေ ပေါ်လာဘီလေ.။အဲဒီတော့ သူတို့ကောင်း
ကောင်း လှူလို့ရအောင် ငါကဒီဘက်မှာ အသုံးစရိတ်လျော့ထားတာပေါ့. ငါသာပြည်သူတွေအတွက် လောက်လောက်
ငင သုံးစွဲရင် ခုလူမှုရေးလုပ်နေတဲ့ ကျော်သူတို့လို လူမျိုးတွေ ဘယ်မှာ ကူညီခွင့်ရနိုင်တော့မလဲ.ဒါ့ကြောင့် ငါ့ကိုကျေးဇူး
တင်သင့်တယ်."

"သြော်.ကျေးဇူးတင်ရမယ်လား..ဟုတ်ပြီလေ..ဒါဆို ကျေးဇူးတင်တဲ့အနေနဲ့ သင့်ကို ခုမနှေး ဇိကုပ်လို့ ငရဲပြည်ပို့လိုက်
မယ်.လာလေရော့..."ဟုဆိုကာ ဖိုးရွှေ၏ကုပ်ကို ကိုင်မည်အလုပ်..ဟောဗျာ..သိကြားငုတ်တုတ်မေ့ဘီ.မီးပျက်သွားပါရော
လား..။ ကျန်ုပ်၏ နတ်မျက်စိပါဝါမှာလည်း နောက်ဆုံးလိတ်တက်စ်ဗားရှင်းကို ဒေါင်းလုပ် လုပ်ထားဆဲ ဖြစ်သောကြောင့်
အသုံးပြု၍ မရနိုင်သေးပေ။ဖိုးရွှေမှာ အမှောင်ထဲမှလာသူ ဖြစ်သဖြင့် အမှောင်အားကိုးကာ ပျောက်သွားပြန်ချေ၏။
ကျန်ုပ်မှာလည်း ကြိတ်မနိုင်ခဲမရဖြင့် နေနှင့်ဦးပေါ့..ဖိုးရွှေ..ဆိုးပေရာ..ဟု၍သာ ရေရွတ် တောက်ခတ်ရင်း ကျန်ရစ်ခဲ့ပါ
လေတော့သတည်..။


အားလုံးကိုချစ်ခင်လေးစားသော...ဖိုးသိကြား(၁၁-၀၃-၁၁)

အာဏာရှင်စနစ် ကျဆုံးပါစေ။။။
မြန်မာပြည်သူပြည်သားအပေါင်း စစ်အာဏာရှင်လက်အောက်မှ အမြန်ဆုံး လွတ်မြောက်ပါစေ။။။

 ဖိုးသိကြား ခံစားရေးဖွဲ့သည်။

ဖိုးသိကြားနဲ့ နအဖဂီတပဒေသာပွဲတော်ကြီး(၁)

ဖိုးသိကြား နဲ့ နအဖ ဂီတပဒေသာပွဲတော်ကြီး(၁)


တနေ့သ၌ ကျန်ုပ်ဖိုးသိကြားသည် တာဝတိံသာနတ်ပြည်ရှိ စံနန်းတော်လေသာဆောင်မှ အပြင်သို့ ရှုမျှော်နေခိုက်..
အလို..ဘာကြီးပါလိမ့်..အောက်ကနေ တရိပ်ရိပ်တက်လာနေတာ..မြောက်ကိုရီးယားက ဒုံးပျံလား..ဒါမှမဟုတ် ကဒါ
ဖီတယောက် ပေါက်ကွဲပြီး ပြည်သူတွေကို စောက်တလွဲနဲ့ ပြန်ပစ်လိုက်တဲ့ ဒုံးကျည်လား..ဟဲ့..မာတလိတို့ရေ..လုပ်ကြ
ပါဦးဟ တော်ကြာ ငါ့စံနန်းကို ၀င်တိုက်နေမှ ငါဘုံပျောက်လို့ မိဖုရားတို့ဂေဟာ ဆုံထုံးနောက်သျှောင်ပါ နေရဦးမယ်..
ကြည့်လုပ်ကြပါဦး ဟုဆိုကာ ထိုအချင်းအရာကို စိုးရိမ်တကြီး စိုက်ကြည့်နေမိလေတော့သည်။

ကံကောင်းသည် ဟုဆိုရမည်လားမသိ ထိုတရိပ်ရိပ်တက်လာသော အရာမှာ လေကြောင်းပြောင်း၍ ကျန်ုပ်၏ စံနန်း
သို့ မတိုက်တော့ဘဲ စံနန်းနဘေးမှ တရွေ့ရွေ့ တက်သွားလေ၏။ ကျန်ုပ်လည်း ထိုအရာကို ကြည့်လတ်သော်..
တိန်..ကုန်ဈေးနှုန်းဆိုပါလား..ဟုတအံ့တသြ ရေရွတ်လိုက်မိလေသည်။ ဟုတ်ပါ၏။ ကုန်ဈေးနှုန်းဟု စာတန်းချိတ်
ဆွဲထားသော အဆိုပါ ပုံးထဲတွင်ရွှေ၊ရေနံ၊ဓါတ်ဆီစသော လောင်စာဆီမှစ၍ ဆန်၊ဆီ၊ငရုတ်၊ကြက်သွန်၊ဟင်းသီးဟင်း
ရွက်အဆုံး မျိုးစုံ ပါဝင်လေ၏။

အံမယ်..ကြည့်စမ်း..ဟိုအကောင်ဓါတ်ဆီဆိုတဲ့ကောင်နဲ့ သူ ဘော်ဘော်တွေက ငါ့တောင်ပြောင်ပြသွားသေး။ မျက်နှာ
ကိုက သံပုရာသီးသိကြားလူး ထားသလို မချိုမချဉ်နဲ့.အင်း..ဘာတွေ ဘယ်လိုဖြစ်ကုန်ကြပါလိမ့်.. ငါလည်း နယူးရီး
ယား(ဖိုးသိကြားနဲ့နယူးရီးယား) ပြီးထဲက လူ့ရွာမဆင်းဖြစ်တာ ကြာလှပေါ့..။ နောက်လဆိုရင်တော့ သင်္ကြန်ရောက်ပီ။
ဒီနှစ်တော့ တနင်္ဂနွေနတ်မင်းကို အနားပေးပြီး ငါကိုယ်တိုင်ဆင်းရမယ်။ ဒီတော့ ခုထဲက တခေါက်ဆင်းပြီး စနည်းနာ
ထားဦးမှ ဟု တွေးမိကာ.မာတလိကိုခေါ်ကာ..
"ဟဲ့..မာတလိ..ရထားပြင်..လူ့ပြည်ဆင်းတော်မူမယ်.."ဤသို့ဖြင့် ကျန်ုပ်တို့လည်း လူ့ရွာသို့ ရောက်ခဲ့ရပြန်ချေပြီတမုံ့။

လူ့ပြည်သို့ရောက်သော်..
ရှေးဦးစွာ လူနှစ်ယောက် စကားများနေကြသည် ကို တွေ့ရပေသည်။ ဆိုက်ကားဆရာနှင့် ဆိုက်ကားစီးသူတို့ ငြင်းခုံ
နေကြခြင်းပင်..

"မင်းကွာ..ဒီလမ်းနဲ့ဒီခရီး ကို နေ့တိုင်းစီးနေကြ.. ခုတော့ မင်းဆိုက်ကားခက မများလွန်းဘူးလား"

"အရင်ကတော့ ဟုတ်တယ်အကို..ခုတော့ မများဘူး.အကိုလည်းသိတဲ့အတိုင်း ဆီတွေဈေးတက်ကုန်ဘီလေ..ကားခ
တွေတောင် တက်ကုန်ဘီ.."

"ဟ..ဟိုကဆီနဲ့ မောင်းတာလေ..မင်းဆိုက်ကားက ဆီနဲ့နင်းတာမှမဟုတ်တာ"

"သွားဘီ..အကိုကတော့ ဝေးတယ်ဗျာ.ခုဆို.ကမ္ဘာကြီးက တောကြီးတတော ဖြစ်နေဘီလေ"

"မင်းနှယ့်ကွာ.ရွာကြီးတရွာ ဖြစ်နေဘီ လုပ်စမ်းပါ.ကဲ..အဲဒီတော့ဘာဖြစ်လဲ"

"အဲဒီ ကတုံးဘဲကိုက်အယ်ဇေရှင်း ဆိုတဲ့ခေတ်ကြီးမှာ.."

"လုပ်ပြန်ဘီ..ဂလိုဘယ်လိုင်ဇေးရှင်း ပါကွ."

"အင်း..အဲ..အဲလို အကိုပြောတဲ့ ဟာကြီးဖြစ်နေတဲ့ခေတ်မှာ အရာရာဟာ ပတ်သက်ဆက်နွယ်မှုရှိနေဘီလေ။ တိုက်ရိုက်
မဟုတ်ရင် သွယ်ဝိုက်စွာ ပတ်သက်နေတာပေါ့။ ခုလည်း ကျနော်တို့ ဆိုက်ကားက ဆီနဲ့ မဟုတ်ပေမယ့် ဆီနဲ့မောင်းတဲ့
ကားခတွေဈေးတက်တော့ ကျနော်တို့လည်း ကျန်နေခဲ့လို့ မဖြစ်ဘူးလေ.."

"မင်းတို့ကလည်း တက်ချင် တက်ချင်တယ်ပြောပါကွာ.."

"အကိုရယ်..ကျနော်တို့က တက်ချင်လို့ မဟုတ်ပါဘူး.အကို စဉ်းစားကြည့်ဗျာ.. ကျနော့်မှာ သားသမီးသုံးယောက်ရှိတယ်။
သူတို့ ကျောင်းသွားရင် ကားနဲ့ သွားရတယ်။ ကားခတွေက အရင်ကထက်ပိုလာတော့ အဲဒီအပိုစရိတ်တွေ ကာမိအောင်
ကျနော်တို့လည်း လိုက်တက်ရတာပါ။ ခုဆို ကျနော်တို့တင်ဟုတ်ဘူး တခြား လူသုံးကုန်၊စားသုံးကုန်တွေလည်း သယ်ယူ
စရိတ်ကာမိအောင် လိုက်တက်နေကြတာပဲကို.."

"ကဲပါ..စီးပွားရေးပါရဂူကြီးရယ်..တော်ပါတော့ တော်ကြာ ဒေါ်လာဈေးတွေ၊ စတော့ရှယ်ယာ ဈေးကွက်တွေပါ ရောက်နေ
ဦးမယ်.။ဒီမှာပဲရပ်ပါတော့ ရော့ ဆိုက်ကားခ..တက်ကြကွာ.တက်ကြ.မင်းတို့တက်လေ ငါတို့ကတော့ ကျလေပဲ.."

"ဒီလိုဆို အကိုက ဘာရောင်းတာလဲဟင်. လေးစားပါတယ်ဗျာ..ခုလိုစိတ်ဓါတ်မျိုးရှိတာ"

"မလေးစားနဲ့ကွ..ငါကျတာ.စိတ်ဓါတ်ကွ..စိတ်ဓါတ်..ဟွန်း.."ဟုဆိုကာ ထွက်သွားလေတော့သည်။ နှုတ်မှလည်း တတွတ်
တွတ် ရေရွတ်သွားသေးသည်။ "တက်လိုက်ကြတဲ့ ကုန်ဈေးနှုန်း..သိကြားမင်း ဖင်တောင် တက်ဆောင့်တော့မယ်.."

မာတလိမှာ ထိုစကားကြားသော် ကျန်ုပ်အားလှမ်းကြည့်ကာ ပြုံးတုံ့တုံ့ လုပ်နေလေ၏။ ကျနုပ်လည်း ရှက်ကိုးရှက်ကန်းဖြင့်
ကဲ.မာတလိ..တခြားနေရာသွားရအောင် ဟုဆိုကာ လှမ်းထွက်ခဲ့တော့လေသည်။ ရင်တွင်းမှာတော့ " ကုန်ဈေးနှုန်းက
ကျုပ်ဖင်ကို ၀င်ဆောင့်ရင်တောင် တန့်နေဦးမယ်။ ခုတော့ ကျုပ်ကိုပါကျော်သွားဘီဗျ.."ဟူ၍...

ကျန်ုပ်တို့လည်း ဆက်လက်ထွက်ခွာလာရာ နေရာတိုင်းတွင် ပျံ့လွင့်နေသည်မှာ သင်္ကြန်တေးသံများမဟုတ်..။ ကုန်ဈေး
နှုန်းမြင့်မားမှုကြောင့် ဆင်းရဲဒုက္ခရောက်နေကြရသော ပြည်သူတို့၏ ညည်းတွားသံများပင် ဖြစ်ချေ၏။ သို့ဖြင့် အမျိုးသား
ဇတ်ရုံရှေ့သို့ ရောက်ခဲ့ပြန်သော်..

"ဟာ..နွားအဖွဲ့(နအဖ) အထူးဈေးရောင်းပွဲတော်နှင့် ပဒေသာကပွဲကြီး ဆိုပါလား..၀င်ကြည့်ကြရအောင်.."

အထဲသို့ရောက်သော်..
အဓိကရောင်းချသော ပစ္စည်းများမှာ ချိတ်ထမီအရောင်စုံ အဆင်စုံ ဒီဇိုင်းစုံ နှင့် အမျိုးသမီး အလှကုန်ပစ္စည်းများ ဖြစ်ကြ၏။


နအဖ လူကြီးများမှာ လည်းကြိတ်ကြိတ်တိုး ၀ယ်ယူအားပေးနေကြသည်ကို တွေ့ရှိရပေသည်။ သူတို့စကားများနားထောင်
ကြည့်ပါက..

"တို့တွေလည်း နှစ်၃၀ကျော်၄၀ ဘောင်းဘီတွေပဲ ၀တ်နေခဲ့ရတာ..ခုမှပဲ စိတ်ကြိုက် လွတ်လွတ်လပ်လပ် ၀တ်ခွင့်ရတော့
တယ်။ ကြည့်ပါဦး..အဆင်လေးက ချစ်ချာလေးနော်.."ဟူ၍တမျိုး

"ဟုတ်ပါ့..အတော်ဘဲ..ဒီနှစ်သင်္ကြန်မှာ ဒီအဆင်တွေကို တနေ့တမျိုး မရိုးအောင်ဝတ်ပြီး လမ်းသလားရမယ်.."ဟူ၍တဖုံ
အမျိုးစုံ ကြားရပေမည်။ ကျန်ုပ်တို့လည်း ထိုအချင်းအရာများ မြင်တွေ့ကြားသိရသော် အော်ဂလီဆန်လှပြီ ဖြစ်သဖြင့် ရုံ
တွင်းသို့ ၀င်ရောက်ခဲ့လေတော့သည်။

ကျန်ုပ်တို့လည်း ရုံတွင်းအရောက် ပဒေသာကပွဲမှာလည်း စလေချေပြီ။ ရှေးဦးစွာ တင်ဆက်ကပြသည်မှာ ဖွတ်သမယိမ်း
ဖြစ်၏။ ဖွတ်သမယိမ်းကို ဦးဆောင်သူမှာ အခြားသူမဟုတ်..ဖိုးရွှေကြီး၏မြည်းဖြစ်သော ပြည်သူ့ချဉ်ဖတ် ဖိုးလဖွတ် ပင်
တည်း။ ကျန်ယိမ်းသမများမှာ နအဖလူကြီးများ၏ သားများမြေးများ ဖြစ်ကြသည်။ ၎င်းတို့အားလုံးမှာ ထိုင်မသိမ်းအင်္ကျီ
များဝတ်ကာ ကနွဲ့ကယ ယိမ်းကနေကြလေသည်။ အားလုံးတို့၏ စိတ်ဓါတ်များမှာ ယခင်ကပင် မိန်းမလိုမိန်းမရစိတ်(၀န်
တိုခြင်း၊ မနာလိုခြင်း၊ တဖက်သားအပေါ် အနိုင်ယူလိုခြင်း၊ မူယာမာယာများခြင်း၊ သဘောထားသေးသိမ်ခြင်း)များဖြင့်
ပြည့်စုံပြီးဖြစ်ရာ ယခုကဲ့သို့ မိန်းမအ၀တ်များ ၀တ်ဆင်လိုက်သောအခါ တကယ့်အခြော်တကောက် များပင်အရှုံးပေးရ
လောက်အောင်ပင် ဖြစ်နေကြလေ၏

ထို့နောက် ၀ယဉ်ကျေးမယ်ပြိုင်ပွဲ ကျင်းပသည်။ ယခုအခါမှာတော့ ပါဝင်ယှဉ်ပြိုင်ကြသူများမှာ ပြည်သူ့ဘဏ္ဍာများဖြင့်
ပြိတ္တာတမျှ ၀ိတ်ဟာဝကြတဲ့ နအဖများဖြစ်ကြသည်။ အပေါ်မှ ကိုယ်ဗလာ..အောက်မှာတော့ အန်ဒါဝဲယာ များဖြင့် ၎င်း
တို့၏ အတ္တဘော ခန္ဓာကိုယ်အ၀ ကို ပြိုင်ဆိုင်ကြလေသည်။ ထိုအချိန်တွင် နောက်မှ သီချင်းသံလွှင့်ပေးထားသည်ကို
လည်း ကြားနေရ၏။ သီချင်းမှာ ယှဉ်တကိုယ်မယ် သီချင်းကို စာသားပြောင်းထားခြင်းဖြစ်သည်။

~~~~သန်မာထွားကျိုင်းတယ်~~မိုက်ရိုင်းတယ်~~စော်ကားတယ်...ဘုန်းကြီးတွေ သတ်တယ်..
အာဏာလည်းရူးမယ်~~~ပြည်သူအပေါ်ကွယ်~~အစဉ်ဘေးဖယ်~~မယဉ်ကျေးတယ်~~ရှက်ဖို့အလွန်ကောင်းတယ်~~

ထို့နောက်တွင်တော့ စတိတ်ရှိုးများဖြင့် ဖျော်ဖြေကြပြန်၏။ ရှေးဦးစွာ သမ္မတ အသစ်စက်စက် ပြောင်စုခိုင်သိန်းစိန် မှ
ပြောင်ပါစေ(အောင်ပါစေမဟုတ်) သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။ ထို့နောက် ဒုသမ္မတ တင်ဇာမြင့်ဦး၊ ဖြူဖြူကျော်ဆန်း
စသည်ဖြင့် တယောက်ပြီးတယောက် မိုက်ခဲလုပ်ကြလေသည်။ လက်ခုပ်သံများကလည်းတဖြောင်းဖြောင်း အားပေး
ကြသူများကတော့ လွှတ်တော်မှ အဂ္ဂမဟာဂုရုပင်ညိုသုတ်ဘွဲ့ရ အငတ်များ ဖြစ်ကြလေကုန်၏။ နောက်ဆုံးဖျော်ဖြေဖို့
အလှည့်ကျသူကတော့ ပြည်သူအများ မေတ္တာထားတဲ့ ပြည်သူ့အချဉ်တော် ဒါလီသိန်းလင်းပဲဖြစ်ပါတယ်။ ဒါလီသိန်းလင်း
သီဆိုမယ့် သီချင်းကတော့ အေသင်ချိုဆွေ ရဲ့ "တင်းတယ်" ဖြစ်ပါတယ်...


အားလုံးကိုချစ်ခင်လေးစားသော...ဖိုးသိကြား(၁၀-၀၃-၁၁)

အာဏာရှင်စနစ် ကျဆုံးပါစေ။။။
မြန်မာပြည်သူပြည်သားအပေါင်း စစ်အာဏာရှင်လက်အောက်မှ အမြန်ဆုံး လွတ်မြောက်ပါစေ။။။

ဖိုးသိကြား ခံစားရေးဖွဲ့သည်။

Tuesday, March 1, 2011

ဟိုတစ..ဒီတစ အတွေး အပိုင်းအစများ

အားလုံးပဲမင်္ဂလာပါ။ ကျနော် Note အသစ်မရေးနိုင်တာ အတော်ကြာသွားပါဘီ။ ပြီးခဲ့တဲ့လက အချိန်အခက်အခဲ
ကြောင့် Online မတက်နိုင်ခဲ့ပါဘူး..။ Online ပြန်တက်နိုင်တဲ့အခါမှာတော့ ကျနော်အာရုံတွေမလန်းဘဲ စိတ်ဓါတ်
တွေကျနေလို့ မရေးနိုင်ခဲ့ပါဘူး။ ဒီနေရာမှာ ကျေးဇူးတင်စကားပြောချင်တာက ကျနော်စိတ်တွေလေနေတဲ့အချိန်
ကျနော့်ကို အားပေးစကား ပြောပေးကြတဲ့ ကျနော့်ဘက်ကရပ်တည်ပေးခဲ့ကြတဲ့ ကိုဖက်တီး၊ Chs Hlaing၊ ကို
သောင်းဟိန်း၊ ညီမ Sophia Sofia Chan နဲ့ ညီမလေးချစ်သဲနဲ့တကွ Online ညီအစ်ကိုမောင်နှမများကို ကျေးဇူး
အထူး တင်ရှိပါကြောင်း ပြောကြားလိုက်ရပါတယ်။ ခုကျနော် လက်ရှိခံစားနေရတာလေးတွေကို ရေးချလိုက်ပါတယ်။



ဟိုတစ..ဒီတစ အတွေး အပိုင်းအစများ 

ငါ့ရဲ့ မလှမ်းမကမ်းမှာ "၀ုန်း" ကနဲ ဗုံးတလုံးကွဲသွားတယ်။ လှမ်းကြည့်လိုက်တော့ သွေးသံတရဲရဲနဲ့ အနိဌာရုံမြင်ကွင်း..
နှုတ်ဖျားမှ စုတ်တချက်သပ်မိတယ်..ကျွတ်..ဘယ်သူတွေက ဘာရည်ရွယ်ချက်နဲ့လုပ်လုပ် ငါကတော့ခုလို အကြမ်းဖက်
လုပ်ရပ်တွေကို ရုတ်ချမိတယ်။ ဘာကြောင့်လဲ??? ခံလိုက်ရတာ ငါ့ပြည်သူတွေဖြစ်လို့ပေါ့..။
တကယ်လို့ ဒီဗုံးဟာ ပြစ်ဒဏ်ထိုက်တဲ့သူတွေဆီမှာ ပေါက်ကွဲခွင့်ကြုံခဲ့မယ်ဆိုရင်...ငါမပျော်ရင်တောင် ၀မ်းနည်းမှုမ
ဆောင်လောက်ဘူး။ ဒါကြောင့် သေချာတယ်..ငါဟာ အတ္တမကင်းသေးဘူး။ ငါတို့ရဲ့ပြည်သူဆိုတဲ့ ငါစွဲက ငါ့မှာ သေရွာ
ထိပျောက်မှာမဟုတ်ဘူး။ ဒါပေမယ့် ငါကျေနပ်တယ်။ (အရှင်ဘုရား..တပည့်တော်ကို လောဘ၊ဒေါသ၊မောဟ၊
မာန၊အတ္တ တို့နဲ့ ကင်းဝေးရာအမှန် မြတ်နိဗ္ဗာန်ကို လမ်းညွှန်ပို့ဆောင်ပေးတော်မူပါဘုရား..ထို့အတူပဲ တပည့်
တော်တို့ရဲ့ပြည်သူတွေကိုလည်း ဆင်းရဲခြင်းကင်းဝေးပြီး ချမ်းသာခြင်းတွေ ရောက်အောင် ဆောင်ကျဉ်းပေး
တော်မူပါဘုရား) ငါ့နှုတ်ဖျားက ဆုတောင်းတချို့ သွေးရုးသွေးတန်းနဲ့ ခုန်ပေါက်ထွက်ကျကုန်တယ်...။

ခုဆိုရင် နေပြည်တော်မှာ လွှတ်တော်ကြီး ဆင့်ခေါ်နေတယ်။ ငါကတော့ ဖွတ်တော်ကြီးလို့ နာမည်ပေးချင်ရဲ့။ ကြားရတာ
ကတော့ ၁၀မိနစ်၊၁၅မိနစ် လောက်ပဲတက်ရတယ်။ သူတို့ အတည်ပြုပြီးသားအမိန့်တွေ ဥပဒေတွေကို နားထောင်ရုံတဲ့
စားရိတ်ကတော့ မဆိုးဘူး တနေ့ တသောင်းပေးတယ်ဆိုပဲ။ သတင်းကတော့ မျိုးစုံ..ကြံ့နဲ့ဖွတ် ခွဲကြ၊ပြဲကြသတဲ့။ ချီး
ထုတ်လက်ဆောင်ရထားတဲ့ မြို့တော်ဝန်တယောက်ကတော့ဖြင့် ပုဆိုးလှန်ပြရခြင်းတောင် မထောက်ပဲ ဘေးထိုးချောင်
ပို့ခံနေရလို့ ကိုကြေကွဲနေဘီ ဆိုပြီးပေါက်ကွဲနေလေသတဲ့။ ဒီနေရာမှာ တခုတွေးမိတာက လွတ်တော်အဆောက်အဦး
တွင်းမှ သစ်ပင်တွေမှာ သစ်ခေါင်းတွေရှိခဲ့ရင် လွှတ်တော်အငတ်(အမတ်)တွေရဲ့ ပေါက်ကွဲသံစဉ်တွေ ဖွင့်ထုတ်ရာနေ
ရာတခုဖြစ်မှာမလွဲဘူး။ နောင်တချိန် အဲဒီသစ်ပင်တွေကို ခုတ်လှဲပြီး အိုးစည်၊ဗုံ စတဲ့ တူရိယာတွေပြုလုပ်လိုက်ရင်ဖြင့်
ယခင် ပုံပြင်ထဲက ဘုရင်ကြီးဖွဲခိုးစားတယ်ဟေ့ ဆိုတာထက်ပိုပြီးလန်းတဲ့ စကားလုံးတွေ ထွက်လာမှာပဲလို့ တွေးမိတယ်။
ခုတော့ စိတ်ပူမိတာက တော်ကြာ လွှတ်တော်ကအပြန် အငတ်တွေကို ဆွံ့အနားမကြားဆေးရုံပို့ပြီး ဆေးစစ်ရချင်ရနိုင်
တယ်..လွှတ်တော်ထဲမှာ ဘာမှပြောခွင့်မရလို့လေ..

နောက်တခုက ခုတလော လစာတွေတိုးမယ်ဆိုတဲ့သတင်း...နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကတော့ သိန်းငါးဆယ်တဲ့
အမှန်ဖြစ်လာမယ်ဆိုရင်တော့ ကမ္ဘာပေါ်မှာ စင်္ကာပူဝန်ကြီးချုပ်ပြီးရင် လစာအများဆုံးဖြစ်တော့မှာပေါ့။ အင်း..တို့နိုင်ငံ
ကြီးတိုးတက်နေပါတယ်။ ခေတ်မီနေပါဘီဆိုတဲ့ သကောင့်သားတွေကတော့ လက်ခမောင်းခတ်ဦးမှာပေါ့။ နိုင်ငံတကာ
နဲ့ ရင်ဘောင်တန်းနိုင်ဘီဆိုပြီးတော့..ငါတို့ပြည်သူတွေအတွက်ကတော့..ဟင်း..မလွယ်ပါလား။ ခုတောင် လစာတိုးမယ်
ဆိုတဲ့သတင်းက သဲ့သဲ့..တို့ပြည်သူတွေကတော့ ယဲ့ယဲ့ပဲ ကျန်တော့တယ်။ တက်လိုက်ကြတာ.တက်နေလိုက်ကြတာ..
မီးပုံးပျံတို့ မိုးပျံပုပေါင်းတို့က အရှုံးပေးနေရဘီ။ ဒေါ်လာဈေးကစလို့ တို့စရာနံနံပင်ကအဆုံး လောင်စာဆီတွေဆိုရင်တော့
ပြောမနေနဲ့တော့။ စံချိန်တွေချိုးပြီး စံချိန်သစ်တွေ အပြိုင်အဆိုင် တင်နေကြတာ.။ သြော်..အဖက်ဖက်က မတိုးတက်
တာမရှိ ဆိုတဲ့စကား မှန်သွားပါရောလား..

၂၀၁၁ ဟာထူးခြားတဲ့နှစ်တစ်နှစ်ပါ.။ နှစ်သစ်ကစလို့ အာဖရိကနဲ့ အာရပ်ကမ္ဘာမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်ခဲ့ဘီ။ အနိစ္စ
တရားရဲ့ အောက်မှာ အာဏာရှင်တွေဟာ တဖုတ်ဖုတ်နဲ့ ပြုတ်ကျကုန်ကြဘီ။ တူနီးရှားက ဘင်အလီ နိုင်ငံကထွက်ပြေး
အီဂျစ်က မူဘာရက်ရာထူးက စွန့်လိုက်ရတဲ့နောက် လစ်ဗျားမှာတော့ ကဒါဖီအပေါ် အောင်ပွဲခံဖို့ အသင့်။ ခုလို အောင်
မြင်တာဟာ တပ်မတော်နဲ့ပြည်သူ ညီညွတ်စွာဖော်ဆောင်ခဲ့ကြလို့ပါ။ တပ်မတော်က ပြည်သူ့ဘက်ကရပ်တည်၊ ပြည်သူ
က တပ်မတော်နဲ့ လက်တွဲလို့လမ်းကြောင်းအမှန် လျှောက်ခဲ့ကြလို့ပါ။ ကျနော်တို့ရဲ့ တပ်မတော်သားတွေကလည်း ပြည်
သူ့ဘက်က ရပ်တည်ပေးမယ့် ပြည်သူ့တပ်မတော်သားတွေအဖြစ် မြင်တွေချင်လိုက်တာ..ထပ်ပြီးဆုတောင်းမိပြန်ဘီ
(အရှင်ဘုရား..တပည့်တော်တို့ရဲ့ တပ်မတော်သားတွေကိုလည်း ပြည်သူ့တပ်မတော်သားတွေဖြစ်အောင် စိတ်
ထားတွေ ပြောင်းလဲလာအောင် စွမ်းဆောင်ပေးတော်မူပါဘုရား..)

ခုတလော စိတ်တွေ တော်တော်လေး တက်တက်ကြွကြွ ပြန်ဖြစ်လာတယ်.။ တခြားနိုင်ငံတွေမှာ အာဏာရှင်တွေ ပြုတ်
ကျသလို ငါတို့နိုင်ငံမှာလည်း ဘာလို့မဖြစ်နိုင်ရမှာလဲ ဆိုတဲ့အတွေး နဲ့အတူ မျှော်လင့်ချက်တွေ ပြန်ရှင်သန်လာတယ်။
ခုဆိုရင် လူငယ်မျိုးဆက်သစ်တွေရဲ့ အမျိုးသားရေးစိတ်ဓါတ် ပြန်လည်ရှင်သန်နိုးထမှုတွေနဲ့ ကွန်ယက်တွေဖွဲ့ကြ၊
Revolution အတွက် JD(Just Do It) တွေအဖြစ်လှုပ်ရှားနေကြတာ အားရမိတယ်..။ဒီတော့ ငါသည်လည်း ဘယ်
နေရာရောက်ရောက် JD တယောက်ဆိုတဲ့ စိတ်ထားမွေး တက်ကြွမှုတေးတွေနဲ့ လက်သီးကိုဆုပ် တေးတပုဒ်ဟစ်
ကြွေးလိုက်တယ်။ စာသားကတော့ တကြောင်းတည်း....
အရေးတော်ပုံ အောင်ရမည်.....လို့...

စာတကြောင်းဖတ်မိတယ်..အနိစ္စဟာ..နိစ္စပါ...တဲ့...။
လောကကြီးမှာမြဲတဲ့အရာ တခုပဲရှိတာ..အဲဒါမမြဲခြင်းတရားပါ..။ ဒါပေမယ့် အနိစ္စကို နိစ္စအသွင်နဲ့ ပြည်သူအပေါ်
လူလိုမမြင် ဆက်ဆံချင်တဲ့ လူတချို့ကတော့ အမှန်မမြင်သေး..။တရားကို မမြင်တာလား။တရားကို မခင်တာလားမသိ..
ကိုယ့်အတွက်ပဲ ကိုယ်ကြည့်လို့ အတ္တကတဖက်သတ် အနိုင်နဲ့ပိုင်းထားတဲ့ ဘ၀မှာပဲ ပျော်ဝင်နစ်မြုပ်ရင်း ပရဆိုတာသူတို့
အတွက်တော့ မကြားဖူးတဲ့ စကားလုံးတလုံးအလား..သူတို့အစား ငါရင်လေးမိတယ်။ တဘ၀ဆိုတာ တခဏပါ.ထာဝရ
မမြဲတဲ့ စည်းစိမ်တွေတိုးပွားစေဖို့ နိုင်ငံတော်ငွေတွေခိုးထုတ်၊ လုပ်ငန်းတွေ လက်ဝါးကြီးအုပ်နဲ့ လက်တဆုပ်စာရဲ့ ခေါင်း
ထက်မှာတော့ စိန်ရောင်တွေ တလက်လက်..တို့ပြည်သူတွေမှာတော့ တရိပ်ရိပ်တက်နေတဲ့ ကုန်ဈေးနှုန်းလှိုင်းဂယက်
တွေကြားမှာ မနစ်မြုပ်အောင် ရုန်းကန်ကြိုးစားရင်း ဆိုးရွားတဲ့ ဘ၀တွေအတွက် မိသားစုအရေး၊ မောင်လေးညီမလေး
တွေအတွက် ပေးဆပ်..ကေတီဗွီ၊နိုက်ကလပ်၊မာဆတ်တွေမှာ ကျဆုံးရရှာတဲ့ အမျိုးကောင်းသမီးလေးတွေအတွက် ငါ့ရဲ့
မျက်ရည်စက်တချို့ မြေသို့ သက်ခဲ့တယ်။

ကိုယ်ချင်းစာတရားလက်ကိုင်ထားပြီး ငါ့ညီမလေးတွေသာဆိုရင် ဆိုတဲ့အတွေး ဆက်မတွေးရဲ..ငါသရဲဘောကြောင်နေ
မိတဲ့အချိန် လူကြီးလူကောင်းအမည်ခံ လူတချို့ကတော့ ငွေထုတ်တွေပိုက် ငိုက်စိုက်စိုက်နဲ့ မိုက်ဇာတ်တွေခင်းမိုးလင်း
ကြတယ်။ အဆီပြန်မျက်နှာတွေ ဘီယာ၊ ၀ီစကီရနံ့တွေ တွေနဲ့ မွန်းကျံနေတဲ့ အခန်းထဲက မီးရောင်မှိန်မှိန်အောက်မှ
အမျိုးကောင်းသမီးလေးတွေတချို့ရဲ့ မျက်ဝန်းတွေကတော့ တောက်ပခြင်းကင်းမဲ့ပြီး ဖျော့တော့နွမ်းလျလို့ပေါ့...။
လိုချင်မှုကြောင့် ပေးဆပ်နေသူတွေအတွက် မသနားမိပေမယ့် လိုအပ်ချက်အတွက် ပေးဆပ်နေရတဲ့ အမျိုးသမီးလေး
များအတွက် ၀မ်းနည်းမိရင်း..သြော်..တို့နိုင်ငံကြီး တိုးတက်နေတယ်ဆိုတာ ဒါတွေပါလား..ဆိုတဲ့အတွေးရင်နာနာ
နဲ့ ရေးချလိုက်မိပါပြီ..။





အားလုံးကို ချစ်ခင်လေးစားသော..ဖိုးသိကြား (၀၁-၀၃-၁၀)