သြော်.. ဘာလိုလိုနဲ့ နက်ဖြန်ဆိုရင်တောင် တန်ဆောင်မုန်းလပြည့်နေ့ ရောက်တော့မှာပါလား.ဆိုတဲ့ အတွေးက ဖိုးသိကြားခေါင်းထဲဝင်ရောက်လာတာနဲ့ တပြိုင်နက် ရင်ထဲမှာ လွမ်းဆွတ်သလို ခံစားလိုက်မိတယ်..။ ဒီအချိန်ဆိုရင် ဖိုသိကြားတို့ မြန်ပြည်ကြီးမှာ ကထိန်ခင်းဖို့ အတွက်ပြင်ဆင်ကြ ပဒေသာပင် ပို့ဖို့အတွက် ပြင်ဆင်ကြနဲ့ စည်ကားနေမယ့် မြင်ကွင်းတွေကိုလည်း မြင်ယောင်နေမိတယ်..။
ဖိုးသိကြားက ငယ်ငယ်ကတည်းက ရုန်းရုန်းရုန်းရုန်း စည်စည်ကားကားပွဲမျိုးဆို သိပ်ဝါသနာပါတာ..။ အလယ်တန်းကျောင်းသားဘ၀လောက်ထဲက လမ်းထဲက ကာလသားခေါင်းတွေနဲ့ တွဲပြီး ပဒေသာပင်ကို သူများလမ်းတွေထက် ထူးအောင်လှအောင် တန်ဆာဆင်ကြ ဒိုးပတ်ဝိုင်းကိုလည်း မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်အောင် ကြိုတင် တိုက်ကြ ပြင်ဆင်ကြနဲ့ မမောနိုင် မပမ်းနိုင် ပါဝင်လေ့ရှိတယ်လေ..။
ခုလို ပဒေသာပင်ပို့ဆောင်မယ့် နေ့ရက်နီးလာရင် ညဘက် ပဒေသာပင် အလှဆင်ရင်း မဏ္ဍပ်မှာ စောင့်အိပ်ကြရတယ်..။ သူငယ်ချင်းတွေနဲ့ တညလုံး နောက်လိုက် ပြောင်လိုက်နဲ့ ပျော်ရွှင်စရာညလေးတွေပါပဲ..။ ခုတော့ မြန်မာပြည်က ကထိန်ပွဲနဲ့ ဝေးနေခဲ့ရတာ ၅နှစ်တာရှိသွားပြီ.။ မြန်မာပြည်ကို ရံဖန်ရံခါ ပြန်ရောက်ပေမယ့် ကထိန်ကာလနဲ့ မကြုံဘူးလေ..။ ခုလည်း ကထိန်အကြောင်း စဉ်းစားရင်း လွှမ်းဆွတ်လာတာနဲ့ ကဗျာတပုဒ် ကောက်ရေးချလိုက်ရပါပြီ..။
အိုဘယ့်...ကထိန်ပွဲ
ဖိုးသိကြားရောက်ရာအရပ်ဆီမှ
တမ်းတကာမှန်းဆတွေးမိတော့
ဒီအချိန်ဆို ငါတို့တိုင်းမှာဖြင့်
ကထိန်တွေ ထိန်ဝေခင်းပါလို့
ပဒေသာပင်တွေ ပို့ဆောင်ကြလို့ရယ်
ပျော်စရာပါကွယ်..
ဗုဒ္ဓဘာသာ တို့အမျိုးဟာဖြင့်
ကောင်းကျိုးသာပြုဆောင်ကြတာမို့
ရှိရှိသမျှ ဘာသာခြားတို့အလယ်
ဂုဏ်ယူစရာတကယ်..
စိတ်ရှိသမျှ ဖွင့်ဆိုရရင်ပ
တို့တိုင်းက ကထိန်ကိုလွမ်းစိတ်ကြောင့်
ဘ၀င်မကျနိုင် မှိုင်တွေငေးပါလို့
မရွှင်ပြနိုင် ထိုင်ကာဆွေးနေမြဲ
အိုဘယ့်..ကထိန်ပွဲ...
အားလုံးကို ချစ်ခင်လေးစားသော...ဖိုးသိကြား (09/11/2011)
အောက်မှာ ဘုံကထိန်ပွဲ ဆိုတဲ့ သီချင်းလေးကိုပါ ဖော်ပြလိုက်ပါတယ်..။
ဘုံကထိန်ပွဲ..
No comments:
Post a Comment