Tuesday, September 11, 2012

ပြောရဦးမယ်ဗျာ (၆).. စီမံကိန်းကြီးတွေက ပြည်သူတွေအတွက် ထိုက်တန်ရဲ့လား

ပြောရဦးမယ်ဗျာ (၆).. စီမံကိန်းကြီးတွေက ပြည်သူတွေအတွက် ထိုက်တန်ရဲ့လား

အားလုံးပဲ မင်္ဂလာပါဗျာ..။ ကျနော်ဖိုးသိကြား ပြောရဦးမယ်ဗျာကနေ မပြောဖြစ်တာ အတော်ကြာသွား
ပြီ။ ပြောစရာတွေကများလွန်းတော့ ပြောတောင်မပြောချင်တော့ဘူး။ မပြောချင်ဘူးဆိုပေမယ့် ပြောသင့်
တယ်ထင်တာတွေတော့ ပြောလိုက်ဦးမယ်နော့...

အရင်ဆုံးပြောချင်တာက လယ်ယာမြေတွေမတရားသိမ်းယူနေတဲ့ကိစ္စပါ။ အားလုံးသိကြတဲ့အတိုင်း ခု
ဆိုရင် မြန်မာပြည်တ၀ှမ်းမှာ လယ်ယာမြေအငြင်းပွားမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဟိုကုမ္ပဏီ ဒီကုမ္ပဏီ
ဟိုအဖွဲ့ ဒီအဖွဲ့ ဟိုအမတ် ဒီအမတ် ဟိုဥက္ကဌ ဒီဥက္ကဌတွေကတဖက်၊ လယ်သမားတွေကတဖက် ပြဿ
နာတွေတက်နေကြတာ နေ့စဉ်ရက်ဆက်ပါပဲ။ တချို့ကနိုင်ငံတော်စီမံကိန်း၊ တချို့ကကုမ္ပဏီစီးပွားရေး
တချို့ကအဖွဲ့အစည်းသက်သာချောင်ချိရေးဆိုပြီး ခေါင်းစီးအမျိုးမျိုးတပ်လို့ လယ်ယာမြေတွေကို မတ
ရားသိမ်းပိုက်ကြတယ်။ ဒေသခံလယ်သမားတွေမှာတော့ ဒုက္ခတွေဝေလို့ပေါ့ဗျာ။

လယ်သမားက လယ်လုပ်စားတယ်။ ဈေးသည်က ဈေးရောင်းစားတယ်။ တံငါသည်က ငါးဖမ်းစားတယ်။
ဒါတွေဟာ သူတို့ဖြတ်သန်းလာခဲ့ကြတဲ့ အစဉ်အလာ၊ ပတ်ဝန်းကျင်နဲ့ အသိုင်းအ၀ိုင်းက ပြဌာန်းပေးထား
တဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တွေပါ။ လယ်သမား လယ်မထွန်စားရရင် ဘာလုပ်စားမလဲ။ ခုပဲကြည့်
လယ်လုပ်စားစရာလယ်ယာမြေတွေ အသိမ်းခံရလို့ သူတို့ခမျာ ဘာလုပ်စားရမှန်းမသိဘဲ တ၀ဲလည်လည်
ဖြစ်နေတဲ့ လည်သမားဘ၀ရောက်ကုန်ကြပြီ။

နိုင်ငံတော်ကပဲသိမ်းသိမ်း၊ ခရိုနီတွေကပဲသိမ်းသိမ်း၊ တပ်မတော်ကပဲသိမ်းသိမ်း သိမ်းတဲ့သူတွေက အသိမ်း
ခံလိုက်ရတဲ့ လယ်သမားတွေရဲ့ဘ၀ရပ်တည်မှုအတွက် အာမခံချက် လုံလုံလောက်လောက် ပေးနိုင်ရမယ်။
ရေတိုအနေနဲ့မဟုတ်၊ ရေရှည်အထိ သူတို့ရဲ့ဘ၀တွေနိမ့်ကျမသွားရအောင် ပြုလုပ်ဖန်တီးပေးနိုင်ရမယ်။
အဲဒီလို လုပ်ပေးနိုင်မယ်ဆို ကြိုက်သလောက်သိမ်းစမ်း၊ ဘာပြဿနာမှပေါ်လာစရာအကြောင်းမရှိဘူး။ ခုလို
ထွန်တုံးတိုက်ပွဲတွေ၊ ဆန္ဒဖော်ထုတ်ပွဲတွေဖြစ်လာမှာမဟုတ်ဘူး၊ ခုတော့ သိမ်းတဲ့သူတွေက ကို့တဘို့ထဲပဲ
ကြည့် မတရား အလကားနှုန်းနဲ့လိုချင်၊ ရော့အင့်ဆိုပြီး မဖြစ်စလောက်ငွေလေးပစ်ပေးပြီး လျော်ကြေးပေး
ကြတယ်။ တဖက်ကနစ်နာဆုံးရှုံးသွားတာနဲ့ ပြန်လည်ထိုက်တန်တဲ့ ပေးဆပ်မှုမျိုးမရှိဘူး။

တကယ်ဖြစ်သင့်တာက လယ်မြေတကွက်မသိမ်းခင် အဲဒီ့လယ်မြေမှာ မှီခိုစားသောက်နေရတဲ့ လယ်သမား
ရဲ့ လယ်မြေပေါ်ကရမယ့် အကျိုးအမြတ်ကို ထည့်သွင်းတွက်ချက်ပြီး အဲဒီအကျိုးအမြတ်ထက်မနိမ့်ကျတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးရမယ်။ အဲဒီ့လိုဖန်တီးမပေးနိုင်ဘူးဆိုရင် အသိမ်းခံလယ်သမား
မိသားစုရဲ့ ဘ၀ရပ်တည်နိုင်ဖို့ ကောင်းမွန်စွာရင်းနှီးမြုပ်နှံနိုင်တဲ့ လုံလောက်တဲ့ငွေကြေးပမာဏကို သူတို့ရဲ့
သဘောတူကြည်ဖြူတဲ့ဆန္ဒရတဲ့အထိ ညှိနှိုင်းပြီး နစ်နာကြေးပေးရမယ်။ ဒါမှတရားမျှတတဲ့ လယ်ယာမြေ
ပိုင်ဆိုင်မှုလို့ ပြောလို့ရမယ်။ လယ်သမားတွေရဲ့ဘ၀တွေကလည်း နိမ့်ကျပြောင်းလဲခြင်းမရှိမှာ။

ခုတော့ မင်းတို့သဘောတူတူ၊မတူတူ သောက်ဂရုမစိုက်ဘူးဆိုပြီး အထက်ဖားအောက်ဖိလုပ်နေကြတာ...
ဒါဟာမတရားခြင်းဘဲ။ ကိုယ်ကောင်းစားဖို့အတွက် တခြားသောမိသားစုတွေ ဘ၀ပျက်ချင်ပျက်ပါစေ ဆိုတဲ့
စိတ်မွေးနေကြတဲ့ ၀ိသမလောဘသားတွေဟာ ဒီမိုကရေစီဖော်ဆောင်နေတဲ့ ကာလမှာ အမှိုကိသရိုက်တွေ
ပဲ။ ကိုယ့်အခွင့်အရေးရဖို့ တခြားသူတွေရဲ့အခွင့်အရေးတွေကို အသုံးချဖျက်စီးနေတဲ့သူတွေကို တားဆီးဖို့အ
တွက် လွှတ်တော်၊ လွှတ်တော်ကဖွဲ့စည်းပေးထားတဲ့ ကော်မတီတွေ၊ ကော်မရှင်တွေနဲ့ အစိုးရအဖွဲ့ပူးပေါင်းပြီး ထိထိရောက်ရောက်လုပ်ဆောင်သင့်တယ်။ ပြောမယ့်သာပြောရတာ။ လက်ရှိလွှတ်တော်နဲ့ အစိုးရထဲမှာကိုက
အဲဒီ့လို အမှိုက်သရိုက်တွေနဲ့ မလွတ်ကင်းတော့လည်း ခက်သားကလားပဲ..။

ခုဆိုရင် ဖိုးသိကြားတို့ကမ္ဘာကြီးဟာ ရုပ်ဝတ္တုပိုင်းဆိုင်ရာတိုးတက်ဖြစ်ထွန်းလာမှုနဲ့အတူ သဘာဝပတ်ဝန်ကျင်
ထိန်းသိမ်းမှုအပိုင်းမှာ အားနည်းလာတယ်။ အဲဒီ့တော့ ဘာဖြစ်သလဲ..။ ကမ္ဘာကြီးကပိုပြီးပူနွေးလာတယ်။ မိုး
တွေခေါင်တယ်။ မုန်တိုင်းတွေတိုက်တယ်။ ရေတွေကြီးတယ်။ ရာသီဥတုတွေဖောက်ပြန်တယ်။ သဘာဝတ
ရားကြီး မတည်မငြိမ်ဖြစ်လာတယ်။ အဲဒီ့ရဲ့အကျိုးဆက်က သဘာဝဘေးအန္တရာယ်တွေကြောင့် လူတွေသေ
ကြေပျက်စီးဆုံးရှုံးမှုတွေနဲ့ တွေ့ကြုံရတယ်။ ဒါကြောင့်နိုင်ငံတကာမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်
ရှောက်ရေးဖို့ နည်းမျိုးစုံနဲ့ ပညာပေးကြတယ်။ ဆွေးနွေးကြတယ်။ လက်တွေ့အကောင်အထည်ဖော်ဆောင်
ရွက်ကြတယ်။ ဒါတွေကနိုင်ငံတိုင်း၊ နိုင်ငံတိုင်းမဖြစ်မသွေ လုပ်ဆောင်ကြရမယ့် တာဝန်ပဲဖြစ်တယ်။

ဖိုးသိကြားတို့ နိုင်ငံမှာဆိုရင်လည်း သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ဖို့လိုတယ်။သစ်တော
တွေကို ကာကွယ်ရမယ်။ မြေဆီလွှာတွေကို ထိန်းသိမ်းရမယ်။ မြစ်ချောင်းအင်းအိုင်ရေသယံဇာတတွေကို
စောင့်ရှောက်ရမယ်။ ကုန်ကုန်ပြောရရင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မယ့်ကိစ္စမှန်သမျှ ရှောင်ရှားရမယ်။
ဥပမာ-မြစ်စုံစီမံကိန်းကို ရပ်လိုက်တာမျိုး.. အဲဒီ့လိုဖြစ်နေရမယ်။ပြည်သူ့သဘောထားကို အလေးထားပြီး ရပ်
လိုက်တဲ့သမ္မတကြီးရဲ့ဆုံးဖြတ်ချက်ကိုတော့ လေးစားပါတယ်။ တချို့ကလဲ ရရှိမယ့်အခွင့်အရေးတွေ နစ်နာဆုံး
ရှုံးတယ်ဆိုပြီး သဘောမကျ ဒေါပွကြတယ်။

အကျိုးအမြတ်တခုကိုတွက်ချက်တဲ့နေရာမှာ ကိုယ့်ဘက်ကပြန်ပြီး ပေးဆပ်ရမယ့်ဆိုးကျိုးတွေပါချိန်ဆတွက်
ချက်ရမယ်။ တွက်ချက်ရာမှာလည်း မျက်စိတမျှော်လူတခေါ်လောက်သာမကြည့်ဘဲ နောက်ကမမြင်နိုင်တဲ့
အရာတွေကိုပါ ထည့်သွင်းစဉ်းစားဖို့လိုတယ်။ ဒေသခံပြည်သူတွေရဲ့လက်ရှိဘ၀တွေ သဘာဝပတ်ဝန်းကျင်
ပျက်စီးမှုကြောင့် ရေရှည်မှာ ထိခိုက်နစ်နာခံစားရမယ့်ကျန်ပြည်သူလူထုတွေရဲ့ ဘေးဒုက္ခအန္တရာယ် အားလုံး
ကိုချိန်ထိုးပြီးမှ အကျိုးအမြတ်ဆုံးဖြတ်ရမယ်။ အကျိုးအမြတ်ရတယ်ပဲထား သဘာဝဘေးအန္တရာယ်တွေကြောင့်
ပြည်သူတွေ အသက်တိုမယ်ဆိုရင် အဲဒီ့အကျိုးအမြတ်က ဘာအသုံးကျမှာလဲ..။ နောက်ဆုံး တရုတ်ကြီးနဲ့ ဖက်
စပ်ကောင်တွေပဲ ကြီးပွားသွားမှာမဟုတ်လား...။

ဒါ့ကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မယ့်စီမံကိန်းမျိုးဆို ရှေ့ဆက်မတိုးတာ အကောင်းဆုံး။ ခုလတ်တလော
ဖြစ်ပေါ်နေတဲ့ ကြေးနီစီမံကိန်းလဲဒီအတိုင်းပဲ။ ရေရှည်မှာ သဘာဝပတ်ဝန်းကျင်ထိခိုက်ပြီး ပြည်သူလူထုတွေပဲ နစ်နာဆုံးရှုံးရမယ်ဆိုရင် ပြည်သူတွေဘက်ကမတန်ပါဘူး။ ဒီစီမံကိန်းက တရုတ်နဲ့ဦးပိုင် ဖက်စပ်စီမံကိန်းဆို
တော့ အရင်ဆုံး အကျိုးအမြတ်ရမှာက သူတို့တွေ။သတ္တုတွင်းဝန်ကြီးဌာနက အဲဒီအပေါ်မှာမှီပြီးမှ အကျိုးအ
မြတ်ဘယ်လောက်ရမလဲ၊ အဲဒီ့အကျိုးအမြတ်တွေကို ပြည်သူတွေက ဘယ်လောက်ခံစားခွင့်ရမှာလဲ။ အဲဒီ့အ
ကျိုးအမြတ်က လတ်တလောဒုက္ခရောက်ကြတဲ့ ဒေသခံပြည်သူတွေနဲ့ အဲဒီ့စီမံကိန်းကထွက်တဲ့ စွန့်ပစ်ပစ္စည်း
တွေကြောင့်နောင်ရေရှည်မှာ ပြည်သူတွေအပေါ်ကျရောက်မယ့် ဘေးအန္တရာယ်တွေနဲ့ယှဉ်လိုက်ရင် တန်ပါ့
မလား..။

သေချာစဉ်းစားကြပါ။ ပြည်သူတွေတိုက်ရိုက်အကျိုး (လျှပ်စစ်ဓါတ်အား) ခံစားခွင့်ရမယ့် မြစ်စုံလို စီမံကိန်းကြီး
ကိုတောင် ပြန်ပေးဆပ်ရမှာနဲ့ မထိုက်တန်လို့ ရပ်ဆိုင်ခဲ့သေးတာ။ ကြေးနီဆိုတာအခြေခံပြည်သူလူထုတွေအ
တွက် မရှိမဖြစ်မဟုတ်ပါဘူး။ ကြေးနီးမထုတ်နိုင်လို့လည်း ကျနော်တို့တိုင်းပြည်က ထူးပြီးနိမ့်ကျမသွားနိုင်ပါဘူး။ တခြားစီးပွားရေးလုပ်ငန်းတွေပြောင်းပြီး ရင်းနှီးမြုပ်နှံလို့ရပါတယ်။ စင်္ကာပူဆိုတာ ဘာသယံဇာတတွေထွက်ရှိ
လို့လဲ။ ဒါပေမယ့်ကမ္ဘာ့ထိပ်တန်းရောက်နေတာပဲမဟုတ်လား။

ဒါ့ကြောင့် တာဝန်ရှိသူတွေအနေနဲ့ ပညာရှင်တွေနဲ့ သေချာဆွေးနွေးတိုင်ပင်ပြီး ပြန်လည်စီစစ်သုံးသပ်စေချင်
တယ်။ နောက်တခုက လက်ပတောင်းတောင်ဆိုတာ ကမ္ဘာကျော်တဲ့ လယ်တီဆရာတော်ဘုရားကြီး ကျမ်းပြုခဲ့
ဖူးတဲ့ သာသနာ့သမိုင်းဝင်နေရာလည်းဖြစ်တယ်လို့ သိရတော့ အဲဒီတောင်ကို မဖျက်စီးစေချင်ပါဘူး။

သဘာဝပတ်ဝန်းကျင်ကိုဖျက်စီးရင် သဘာဝတရားကြီးက ပြန်ပြီးဒဏ်ခတ်တတ်တယ်။ ဒါပေမယ့် ဖျက်စီးတဲ့
သူတွေကမခံရဘဲ ဒေသခံပြည်သူလူထုတွေပဲခံရတာတော့ သဘာဝမကျဘူး။ ဒါ့ကြောင့် လူနည်းစုပဲကောင်း
စားပြီး အခြေခံပြည်သူလူထုတွေ နစ်နာဆုံးရှုံးမယ့် စီမံကိန်းတွေကို ရဲရဲဝံ့ဝံ့နောက်မတွန့်ဘဲ ရပ်တန့်ပေးဖို့
ပြည်သူတို့ကိုယ်စား ပြောလိုက်ရပါတယ်ဗျာ...။

ပြောစရာတွေကျန်သေးပေမယ့်
ပြောရတာမော ဖတ်သူမောမှာ
အားနာတာမို့ တော်ပါဦးမယ်..။

မှတ်ချက်။      ။ အထက်ပါရေးသားချက်များသည် ဖိုးသိကြား၏ ပု ဂ္ဂလအမြင်သာဖြစ်ပါ၏။ ဖိုးသိကြားရဲ့
အတွေးအခေါ် အမျှော်အမြင် ချွတ်ချော်တိမ်းစောင်းနေပါက ဝေဖန်ဆွေးနွေးသင်ပြပေးနိုင်ပါကြောင်း
ရိုးသားစွာပြောကြားပါရစေ..။

အားလုံးကို ချစ်ခင်လေးစားသော...ဖိုးသိကြား (11/09/2012)

No comments: