Friday, October 14, 2011

လက်ဆောင်


ငါရေးခဲ့တဲ့ကဗျာ ငါ့ပြန်ဝါးသွားတယ်

ဘာရယ်.. ငြိမ်းချမ်းရေးလမ်းမှာ ပန်းများပွင့်နေဘီ

ရေးမိတဲ့လက် ပြန်ဖြတ်လိုက်ချင်ရဲ့

ညီ/ညီမတွေ သတိပေးစကား

အလေးမထားမိအောင် ငါညံခဲ့ပါဘိ

စောင့်ကြည့်ပါဦးလား

ပြောတော့ပြောသား..ငါ့နားကကြားလည်း

အလေးမမူ တွေးမပူမိဘူး..။

ဒီတကြိမ်တော့ ဟုတ်လောက်ပါတယ်

ယုံစားရင်း..ယုံစားရင်း

နောက်ဆုံးတော့

သမင်မွေးရင်း ကျားစားရင်းဆိုသလို

ဒုံရင်းထက်ကို ပိုမတိုးချင်

ပြောရရင်တော့

မြန်မာဘောအသင်းလိုပဲ

အရင်တကြိမ်မှာ..'ဟင်'..ဆိုရင်

ခုအကြိမ်ပေါ့

ခုအကြိမ်မှာ မဟုတ်သေးရင်

နောက်တကြိမ်တော့ ဆိုပြီး..

အားပေးလာခဲ့တာ

ရာသီတွေသာဟောင်း

အကြိမ်တွေသာပြောင်း

ကောင်းမလာခဲ့ဘူး...။

ထူးမခြားနားပဲ

သူများနောက်က..'ဖွတ်'

ရွတ်တွနေတဲ့ အစဉ်အလာဟောင်းက

မပြောင်းနိုင်သေးဘူး...။

ဟိုနေ့က လက်ဆောင်ပုံးကြီးတခု

လူထုအတွက်ဆိုပြီး လိပ်စာတပ်ထား

ပုံးမှာရေးသားတာက သဘောထားကြီးစွာတဲ့

ဘာတွေပါပါလိမ့်.. ဆိုပြီး ဖွင့်ကြည့်ကြ

ဥက္ကဋ္ဌရာထူး ရင်ထိုးလေးတခု...

ဒါလူထုအတွက်မဟုတ်သေး

တွေးနေဆဲမှာ..

ပုံးထဲက အခိုးအငွေ့တွေထွက်

ဒါမှငါတို့ အတွက်လက်ဆောာင်အစစ်

အသစ်အသစ်ဆိုပြီး ခံစားလိုက်ခါမှ

အခိုးတွေကနှလုံးသားကိုဟပ်

မျက်ဝန်းမှာ တိမ်ညိုတွေကရစ်ဆိုင်း

မိုးတွေမှိုင်းခဲ့ရပြီပေါ့..။

တို့တွေအတွက်

သဘောထားကြီးစွာ ပေးခဲ့တဲ့လက်ဆောင်

ရလိုက်ပါပြီ..ပုံးတစ်လုံးအပြည့်

ဝမ်းနည်းခြင်းဆိုတဲ့ အခိုးအငွေ့တွေလေ....။






ယုံကြည်ချက်ကြောင့် အကျဉ်းကျနေရသော နိုင်ငံရေး အကျဉ်းသားများ အားလုံးကို အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုပါသည်..။
အားလုံးကို ချစ်ခင်လေးစားသော..ဖိုးသိကြား(14-10-11)