
ဟိုးတချိန်က
ခြောက်ကပ်ကပ်လေးဖြစ်ခဲ့ရတဲ့
အိမ်အမှတ် ငါးဆယ့်လေး..
အလှမ်းမဝေးပေမယ့်
လမ်းဘေးကတောင်
ရပ်မကြည့်ရဲကြတဲ့
အိမ်အမှတ် ငါးဆယ့်လေး..
မြင်ချင်ပေမယ့်
ဝင်ခွင့်မကြုံ
တွေ့ခွင့်မပေးခဲ့တဲ့
အိမ်အမှတ် ငါးဆယ့်လေး...
Barrier များအကြား
လွတ်လပ်မှုတွေဝေးခဲ့ရတဲ့
အိမ်အမှတ် ငါးဆယ့်လေး..
သက်ပြင်းအခါခါချ
ပြတင်းဝမှငေးခဲ့ရတဲ့
အိမ်အမှတ် ငါးဆယ့်လေး..
လူသံတွေနဲ့ဝေး
ကျေးငှက်တေးသာကြားခဲ့ရတဲ့
အိမ်အမှတ် ငါးဆယ့်လေး..
ခုကျတော့လည်း..
ဒီမိုကရေစီအရေး
ဦးဆောင်မှု ပေးမယ့်
အိမ်အမှတ် ငါးဆယ့်လေး
ဟီလာရီ ကိုယ်တိုင်လာ
မြန်မာကို လက်တွဲခေါ်မယ့်
နွေးထွေးမှုလက်တွေပေးခဲ့တဲ့
အိမ်အမှတ် ငါးဆယ့်လေး..
ကမ္ဘာကိုထိုးဖောက်
မိုးယံသို့ရောက်စေမယ့်
ညီညွတ်ရေးတေးသံ လွင့်ပျံနေတဲ့
အိမ်အမှတ် ငါးဆယ့်လေး..
လူငယ်လူရွယ်လူကြီးမကျန်
အရွယ်မရွေး
ဝင်ထွက်ခွင့်ပေးခဲ့တဲ့
အိမ်အမှတ် ငါးဆယ့်လေး...
အရှေ့အနောက်
တောင်မြောက်အကုန်
ဒေသစုံမှ အပြေးလာချင်တဲ့
အိမ်အမှတ် ငါးဆယ့်လေး..
သူသူငါငါ ပျိုပျိုအိုအို
ကိုကိုမမ ၀င်ချင်ကြတဲ့
အိမ်အမှတ် ငါးဆယ့်လေး..
ပြိုင်စံမပေါ် နိုင်ငံကျော်ကြား
စူပါစတားတွေရဲ့ ရယ်မြူးသံတွေနဲ့
ကြက်ပျံမကျ စည်ကားနေတဲ့
အိမ်အမှတ် ငါးဆယ့်လေး...
နောက်ဆုံး.. ပြောရရင်
မြန်မာ့စီးပွား ခါးပိုက်ပိုက်ထားတဲ့
သားပိုက်ကောင်တွေ
ဖွတ် ပဒတ် ကျွတ်ဆတ်
ပုတ်သင် တောက်တဲ့ကအစ
လာချင်ကြတဲ့
အိမ်အမှတ် ငါးဆယ့်လေး..
သြော်.. မြက်ခင်းပြင်အလယ်
ထီးထီးကြီး ရပ်နေတဲ့
အိမ်အိုဟောင်းကြီးကတော့
ပြောင်းလဲသွားတဲ့ ပုံရိပ်တွေ
သွေဖယ်သွားတဲ့ စိတ်ဓါတ်တွေနဲ့
ကပြအသုံးတော် ခံနေကြတဲ့
လောကဓံပြဇတ်တပုဒ်ကိုကြည့်ရင်း
သံဝေဂတွေ ပွားနေလေရဲ့...

အားလုံးကို ချစ်ခင်လေးစားသော.. ဖိုးသိကြား (06/12/2011)
No comments:
Post a Comment