Tuesday, December 27, 2011

ဖေ့ဘွတ် (သို့) စိတ်ထွက်ပေါက်

အင်တာနက် လောကမှာ ထိပ်ဆုံးက နံပါတ်တစ် ဖြစ်နေတဲ့ ဖေ့ဘွတ်ကို ဂုဏ်ပြုတဲ့ အနေနဲ့ ပို့စ်လေးတခု တင်လိုက်ပါတယ်..။
တကယ်တော့ ဖေ့ဘွတ်ဆိုတာ အလှူမှာ ဘုန်းကြီးကို ကပ်တဲ့ ဆွမ်းဝိုင်းကြီးလိုပဲ.. အချို အချဉ် အခါး အစပ် ရသာမျိုးစုံပါဝင်ပါတယ်..။ အဲဒီထဲက ကိုယ်နှစ်သက်ရာကို သုံးဆောင်နိုင်တယ်..။ ဆွမ်းဆန်ထဲ ကြွက်ချေး ရောတာတွေလည်း ရှိတာပေါ့.. ယူတတ်ရင် ကုသိုလ်.. မယူတတ်ရင်တော့ အကုသိုလ်... ကဲ.. ကြိုက်တာသာ ယူကြပေတော့...

ဖေ့ဘွတ် (သို့) စိတ်ထွက်ပေါက်


ဖေ့ဘွတ်မှာ..
ဘုရားတွေ ဖူုးနိုင်တယ်.။ တရားတွေ ကူးနိုင်တယ်..။

ဖေ့ဘွတ်မှာ...
ကုသိုလ်တရား နာကြတယ်..။ အကုသိုလ်များ ရှာကြတယ်..။

ဖေ့ဘွတ်မှာ...
ပီယ၀ါစာ ချစ်ဖွယ်ရာကို ဆိုကြတယ်..။ ဖနုဿဝါစာ ကြမ်းကြုတ်တာကို ဆိုကြတယ်..။

ဖေ့ဘွတ်မှာ...
တယောက်က ဂွတ်မောနင်းလိုက်တယ်..။ တယောက်က ဂွတ်နိုက်ပါတဲ့..။

ဖေ့ဘွတ်မှာ...
ချစ်သူတွေ ဖြစ်သွားကြတယ်..။ မုန်းသူတွေ ပစ်သွားကြတယ်..။

ဖေ့ဘွတ်မှာ...
နှစ်သက်ရာကို စာစီလိုက်ပါ..။ ကြိုက်ရင် LIKE ကြလိမ့်မယ်..။ မကြိုက်ရင် FIGHT ကြလိမ့်မယ်..။

ဖေ့ဘွတ်မှာ...
Group တွေထောင်မယ်..။ လေတွေဖောင်မယ်..။
မကြေလည်တာတွေ ဖွင့်မယ်..။ ပြေလည်လာရင် လွင့်မယ်..။

ဖေ့ဘွတ်မှာ...
အာလူးတွေ ဖုတ်မယ်..။ ကြေငြာချက်တွေ ထုတ်မယ်..။
မကြေနပ်ရင် ထွက်သွားပါ..။ ကြေနပ်ရင် ဆက်ထားပါ..။

ဖေ့ဘွတ်မှာ...
သမ္မတကိုလည်း ဖောက်နိုင်တယ်..။ သူတောင်းစားကိုလည်း နောက်နိုင်တယ်..။

ဖေ့ဘွတ်မှာ...
မပီကလာတွေ ကြားရမယ်..။ ရီစရာတွေ ဟားကြမယ်..။

ဖေ့ဘွတ်မှာ...
သီချင်းသံတွေ ကြားခွင့်ရမယ်..။ ဟင်းအမှန်တွေ စားခွင့်ရမယ်..။

ဖေ့ဘွတ်မှာ...
အတည်အကြည်တွေ ပြောနိုင်တယ်..။ အီစီကလီတွေ ဖောနိုင်တယ်..။

ဖေ့ဘွတ်မှာ...
သတင်းတွေ မျှကြတယ်..။ အတင်းတွေ ချကြတယ်..။

ဖေ့ဘွတ်မှာ...
မွေးနေ့ဆုတောင်းကြတယ်..။ ဈပနလည်း ပို့ကြတယ်..။

ကုန်ကုန်ပြောရရင်
ဖေ့ဘွတ်မှာ...
ထူးချင်သလို ထူးနိုင်တယ်..။
မူးချင်သလို မူးနိုင်တယ်..။
ဘူးချင်သလို ဘူးနိုင်တယ်..။
ရုးချင်သလို ရူးနိုင်တယ်..။

တကယ်တော့ ဖေ့ဘွတ်ဆိုတာ လူအမျိုးမျိုး၊ စိတ်အထွေထွေ၊ ဘ၀အခြေအနေတွေကို တန်းတူညီမျှ လွတ်လပ်စွာနဲ့ ဖော်ထုတ်ခွင့်ပေးနေတဲ့ လူထုဟစ်တိုင်တစ်ခုပေါ့..။ တနည်းအားဖြင့် ဖေ့ဘွတ်ဟာ ကျနော်တို့အားလုံးရဲ့ စိတ်ထွက်ပေါက်....

ဖေ့ဘွတ်ကို ကဗျာလေးတပုဒ်နဲ့ ဂုဏ်ပြုလိုက်ပါတယ်..။

ဖေ့ဘွတ်ပေါ်မှာ Status ရေးလို့ ခံစားချက်တွေ ရင်ဖွင့်မယ်

အဆင်သင့်ရင် ကဗျာလေးဖွဲ့ Note ကလေးနဲ့ ဖော်ပြမယ်..။

သတင်းများကိုကွယ် ရှယ်ကာပေးလို့ သိထားသမျှကို မျှကြမယ်

အတင်းများဆိုရင် အသင်းအဖွဲ့နဲ့ တိုးတိုးကြိတ်လို့ နှိပ်ကြမယ်..။

Profile ရိုးရင် ပြောင်းလို့ပေးကွယ့် ပုံအလန်းလေးများ တင်ကြမယ်

မပြင်သေးချင် ဆက်လို့ထားကွယ့် ဒီအတိုင်းလေးလည်း ကောင်းလှတယ်..။

အစာမစားခင် ဓါတ်ပုံတင်လို့ သူငယ်ချင်းများကို ကြွားကြမယ်

မြင်သူများကို သားရည်ကျလို့ စားချင်စိတ်တို့ ထားမရတယ်..။
Single, Engaged, Separated နဲ့ Marriage များလည်း ပြင်ကြမယ်

ပျော်ရွှင်၊ ၀မ်းနည်း၊ ရယ်၊ ငို ကြလို့ ခံစားသမျှကို မျှကြမယ်..။

မနက်မိုးလင်းရင် ဖေ့ဘွတ်ဖွင့်လို့ သူငယ်ချင်းများကို နှုတ်ဆက်မယ်

အိပ်ချိန်တန်ရင် မပိတ်ချင်ဘဲ Bye Bye ပြောလို့ ပိတ်ရတယ်..။

တရေးနိုးလာရင် နောက်ဆံတင်းလို့ ဖုန်းကလေးဖွင့် ကြည့်မိတယ်

ဘယ်သူကကွယ် ဘာတွေ Like လို့ ဘယ်သူ Fight သလဲ ကြည့်ရတယ်..။

သယ်ရင်းစာရင်းမှာ ငါးထောင်ပြည့်တော့ ထပ်တိုးမရတာ စိတ်ညစ်တယ်

ဖြစ်နိုင်ရင်ကွယ် ငါးသောင်းမကလို့ ငါးသိန်းကျော်ထိ တိုးမိမယ်..။

ဖေ့ဘွတ်ဆိုတာ ဖိုးသိကြားအတွက်တော့ ကိုယ်ပွားတခု ဖြစ်ရတယ်

သယ်ရင်းများကို ပျော်ရွှင်ကြဖို့ ကဗျာလေးတပုဒ် စပ်မိတယ်..။

ကြိုက်တယ်ဆိုရင် Like ခါသွားကွယ် မကြိုက်ပါက ထားခဲ့ကွယ်

အားလုံးကိုတကယ် ချစ်ခင်ပါလို့ လေးစားပါကြောင်း ပြောလိုက်တယ်..။

အားလုံးကို ချစ်ခင်လေးစားသော...ဖိုးသိကြား(27/12/2011)

No comments: