အားလုံးပဲ .. မင်္ဂလာပါခင်ဗျာ..။ ကျနော် ဖိုးသိကြား မပြောဖြစ်တာတောင် အတော်ကြာသွားပါပြီ..။ပြော
စရာ မရှိလို့တော့ မဟုတ်ပါ..။ ပြောစရာတွေ များနေလွန်းတော့ ဘာကိုပြောရမှန်းတောင် မသိတော့လို့
နောက်ပြီး ခုတလော ကျန်းမာရေးက မကောင်း.. ခုလည်း ဗိုက်အောင့်ရောဂါ ပြန်ဖြစ်နေပါတယ်..။
ဒါပေမယ့် ခုတော့ နေမကောင်းတဲ့ကြားက မနေနိုင်လို့ ပြောလိုက်ပြန်ပြီဗျို့...
ဟိုတနေ့ကပေါ့ဗျာ.. ပျင်းပျင်းရှိလို့ အွန်လိုင်းမှာ ဗွီဒီယိုတကားကြည့်တယ်.။ သူများတွေတော့မသိ။
ကျနော်ကတော့ ဗွီဒီယိုတွေ ရုပ်ရှင်တွေကြည့်ရင် ဟာသအမျိုးအစားကို ပိုကြိုက်ပါတယ်..။ ဒါနဲ့ ဟာသ
ကားသစ် ဘာတွေတင်ထားသလဲ ကြည့်လိုက်တော့ ထိပ်ဆုံးမှာ မုဒိတာလွင်ပြင် အငြိမ့်က Update
အဖြစ်ဆုံး.. ကျနော်က အငြိမ့်ဆိုလည်း အရမ်းကြိုက်သဗျ... ဒါနဲ့ပဲ Detail ကြည့်လိုက်တော့ စူပါစတား
မင်းသားတွေ ကပြတဲ့ အငြိမ့်. မင်းသမီးလေးတွေကလည်း ကိုယ့်အကြိုက်ဆိုတော့ တခြားဘာကားမှ
လိုက်မရှာတော့ပဲ အဲဒီ့အငြိမ့်ကိုပဲ ရွေးချယ်လိုက်တော့တာပေါ့ဗျာ...
အငြိမ့်က ပြေတီဦးဖောင်ဒေရှင်းရံပုံငွေ အငြိမ့်ပွဲပါ..။ တခြားအစီအစဉ်တွေကိုတော့ မကြည့်လိုက်ရလို့
ဘာမှ မပြောတော့ပါ..။ ကြည့်ရတဲ့ အငြိမ့်ပွဲအကြောင်းပဲ ပြောပါမယ်..။ ပြေတီဦးဖောင်ဒေရှင်းဆိုတာ
အားလုံးလည်း သိပြီးသားပါ.။ ပညာထူးချွန်လျက်နဲ့ တက္ကသိုလ် မတက်နိုင်သူများအတွက် ထောက်ပံ့
ပေးဖို့ ရည်ရွယ်လို့ တည်ထောင်ထားတဲ့ ဖောင်ဒေးရှင်းတခုပါ.။ ရည်ရွယ်ချက် အရမ်းကောင်းပါတယ်..။
ချီးလဲချီးကျူးပါတယ်..။ လေးလည်းလေးစားပါတယ်.။ သာဓုလည်း ခေါ်မိပါတယ်..။ အဲဒီလို ဖောင်ဒေး
ရှင်းမျိုး များများ ပေါ်နိုင်ပါစေလို့လည်း ဆုတောင်းမိပါတယ်..။ အဲဒီ့အငြိမ့်မှာ ရရှိတဲ့ ငွေတွေကို ပြေတီဦး
ဖောင်ဒေးရှင်း အတွက် လှူဒါန်းမှာဖြစ်လို့ ရည်ရွယ်ချက်ကောင်းမွန်တဲ့ အငြိမ့်ပွဲ တခုလို့ဆိုရမှာပေါ့နော့..။
လာကြည့်တဲ့သူတွေ အနေနဲ့လည်း ကုသိုလ်လည်းရ အငြိမ့်လည်းကြည့်ရဆိုတော့ နှစ်ထပ်ကွမ်း အကျိုးရှိ
မယ် ဆိုပြီး လာကြည့်ကြတယ်လို့ ယူဆမိပါတယ်..။ သို့ပေမယ့်ပေါ့ဗျာ........
အငြိမ့်စလို့မှ မကြာသေးဘူး.။ ဖိုးသိကြားကတော့ အလိုမကျ ဖြစ်သွားရတာ အမှန်ပါ.။ ဟိုမှာ ကိုယ်တိုင်
သွားရောက် ကြည့်ကြတဲ့သူတွေတော့ ဘယ်လိုခံစားရတယ် မသိ..။ ကျနော်ကတော့ တော်တော်လေး
'လေ' သွားတယ်ဗျာ..။ ဒီလောက်ကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပတဲ့ အငြိမ့်ပွဲမှာ ပျက်တဲ့ပျက်လုံး
တွေက အဆင့်မြင့်မြင့် ပျက်လုံးတွေ နည်းပါးပြီး.. အဆင့်နိမ့်တဲ့ ပျက်လုံးတွေက များနေတာကိုတော့
ဘ၀င်မကျမိဘူးဗျာတို့ရာ..
အဆင့်နိမ့်တယ်ဆိုတာ အောက်ပိုင်းပျက်လုံးတွေကနေ မတက်လို့ ပြောတာပါ.။ တခြား နိုင်ငံအကျိုးပြု
ပျက်လုံးတွေ့  လက်ရှိအခြေအနေနဲ့ ထင်ဟပ်ပြီး ပြည်သူ့ရင်ကို ထိစေမယ့် ပျက်လုံးတွေ ရှားပါးကုန်လို့
လား ရှာမရလို့လား?? ဒါမှမဟုတ် မောင်နဲ့နှမ သားနဲ့အမိ အတူယှဉ်တွဲ မကြည့်ရဲလောက်အောင် ညစ်
တီးညစ်စုတ်တွေကိုပဲ ပါးစပ်မှာ အရသာတွေ့ကြလို့လား?? အဲဒီပျက်လုံးတွေကို ပျက်ဖို့ စီစဉ်ညွှန်ကြား
တဲ့ သူကိုလည်း စိတ်ပျက်မိပါရဲ့ဗျာ.. ပညာရေးရံပုံငွေ ဆိုတဲ့ ကြီးကျယ်မြင့်မြတ်တဲ့ ဝေါဟာရကို သူတို့ရဲ့
ပျက်လုံးတွေကြားမှာ မှေးမှိန်အောင် လုပ်လိုက်သလိုပဲ..
ကျနော်က ငယ်ငယ်လေးကတည်းက အငြိမ့်ဆိုသိပ်ကြိုက်ဆိုတော့ အငြိမ့်အဖွဲ့တွေ အများကြီး ကြည့်ဖူး
ပါတယ်..။ ကျနော်တို့ ငယ်ငယ်တုန်းကတော့ ကိုဇာဂနာခေါင်းဆောင်တဲ့ မြပုဏ္ဏမာတို့ ကိုဧရာတို့ရဲ့ တ
ခိုင်လုံးရွေတို့က ကျနော့်ရဲ့ အသည်းစွဲ အငြိမ့်အဖွဲ့တွေပေါ့ဗျာ.. သူတို့တွေရဲ့ ပျက်လုံးတွေကို အရမ်းကြိုက်
တယ်။ ရိုင်းစိုင်းတာတွေ တခုမှမပါဘူး.. တွေးကြည့်လေ ရယ်ရလေပဲ.. နောက်နေ့ပြန်ပြော ပြန်ရယ်..
အချိန်မရွေးပြန်ပြော ပြန်ရယ်ရတဲ့ ပျက်လုံးတွေ.. သိပ်ကို လေးစားဖို့ကောင်းတယ်။ ပျက်လုံးတွေလည်း
ဖြူဖြူစင်စင်နဲ့ ချစ်စရာ ပျက်လုံးတွေလေ..။ ခုနောက်ပိုင်း ပျက်နေကြတဲ့ ပျက်လုံးတွေကတော့ နောက်မ
ပြောနဲ့ ခုတောင် ဆက်ပြီး နားမထောင်ချင်အောင် ရိုင်းစိုင်းကြတယ်ဗျာ.။ အပြောမတတ်ဆဲသလို တဲ့ဗျ..။
ခုသူတို့ရဲ့ ပျက်လုံး အများစုဟာလည်း စင်ပေါ်တက် ပရိတ်သတ်ကို ဆဲပြနေကြတာနဲ့ ထူးမခြားနားပါပဲ..။
လာကြည့်တဲ့ ပရိတ်သတ်က အရွယ်စုံ.. ကိုယ့်ထက် အသက်အားဖြင့် ဂုဏ်အားဖြင့် ကြီးမြတ်တဲ့သူတွေ ပါ
တယ်.။ အဲဒီလို ညစ်တီးညစ်ပတ် စကားလုံးတွေက အဲဒီ့ပရိတ်သတ်တွေကို မလေးစားရာရောက်တယ် လို့
ယူဆပါတယ်..။ ဇာတ်သမားလာရင် မှတ်သားစရာပါတယ်..။ ဇာတ်သမားပြန်ရင် မှတ်သားစရာ ကျန်ရမယ်
ဆိုတဲ့ စကားကို တော်လှန်လိုက်တာပဲ..။ ဇာတ်သမားမှ မဟုတ်ပါဘူး..။ ပြည်သူ့ကို တင်ဆက် ဖျော်ဖြေနေ
တဲ့ စာပေ၊ဂီတ၊ရုပ်ရှင်၊သဘင် အနုပညာရှင်အားလုံးဟာ အနေအထိုင် အပြောအဆို အရေးအသား ဆင်ခြင်
ကြဖို့လိုပါတယ်..။ တခြားအချိန်တွေမှာ ကြိုက်သလို ပြောဆိုနေနိုင်ပေမယ့် ပြည်သူတွေရှေ့ မီဒီယာတွေရှေ့
မှာတော့ သတိပြု ဆင်ခြင်သင့်တာပေါ့..။
အရွယ်မရောက်သေးတဲ့.. ကိုယ့်ဖာကိုယ် မစဉ်းစား မဆင်ခြင်တတ်သေးတဲ့ အရွယ် ကလေးတွေနဲ့ လူငယ်
တွေဟာ မိမိကြိုက်နှစ်သက်ကြတဲ့ Celebrities တွေရဲ့ သွားပုံ၊စားပုံ၊ ပြောပုံ၊ ဆိုပုံ တွေကို အလေးထားပြီး
အတုခိုးတတ်ကြပါတယ်..။ ဖိုးသိကြားတို့ ငယ်ငယ်တုန်းကလည်း ဒီလိုပါပဲ.. ဒီတော့ အဲဒီကလေးတွေဟာ
သူတိုရဲ့ စူပါတွေ ဟီးရိုးတွေလို့ သတ်မှတ်ထားတဲ့သူတွေရဲ့ ညစ်တီးညစ်ပတ် ရိုင်းစိုင်းတဲ့ အပြောအဆိုတွေ
ကို အတုခိုးလိုက်ကြရင်ဖြင့် သောက်ကျိုးနဲ ကုန်တော့မှာပဲ..
စင်ပေါ်မှာ အတူကတဲ့ မင်းသမီးကို ရစရာမရှိအောင် ပြော.. အချင်းချင်းလည်း ရိုင်းရိုင်းစိုင်းစိုင်းနဲ့ မကြားဝံ့
မနာသာတွေပြော အောက်မှာရှိတဲ့ မင်းသမီး အူဝဲကိုလည်း မချန် ယုတ်ယုတ်မာမာတွေပြော ပြီးမှ ပရိတ်
သတ်တွေ ရယ်ကြရမယ်လို့ ထင်နေကြရင်တော့ ပရိတ်သတ်ကိုပါ အဆင့်နှိမ့်ချလိုက်တယ်လို့ သတ်မှတ်ပါ
တယ်.။ ရယ်ကြတဲ့ ပရိတ်သတ်တွေကလည်း အားနာလို့သော်လည်းကောင်း ရောက်ပြီးမှတော့ မထူးတော့
ပါဘူးဆိုပြီး ကိုယ့်စိတ်ကိုယ် လှည့်စားလို့ ရယ်လိုက်ရတဲ့ ပရိတ်သတ်က အများစု ဖြစ်မယ်လို့ ထင်ပါတယ်.။
အဲဒီလို ညစ်တီးညစ်ပတ် ရိုင်းစိုင်းတဲ့ ပျက်လုံးတွေကို လှိုက်လှိုက်လှဲလှဲ ဟားတိုက်ရယ်မောတဲ့ ပရိတ်သတ်
ရှိရင်လည်း ပရိတ်သတ်အားလုံးနဲ့ နှိုင်းယှဉ်ရင် အနည်းစုပဲ ဖြစ်မှာပါ..။
ကျနော် ဖြစ်စေချင်တာက ခုလို ရည်ရွယ်ချက် ကောင်းမွန် မြင့်မြတ်တဲ့ပွဲမှာ ပျက်လုံးတွေက ပရိတ်သတ်
တခုလုံးကို ဖမ်းစားနိုင်တဲ့ ရင်ထဲက လှိုက်လှိုက်လှဲလှဲနဲ့ အားရ၀မ်းသာ ငါတို့ ပြောခွင့် မသာသေးတဲ့ စကား
လုံးတွေကို ငါတို့ကိုယ်စား ငါတို့ချစ်တဲ့ စူပါစတားတွေက ပြောပေးနေတာပါလားဆိုတဲ့ ပီတိနဲ့ လက်ခုပ်သံ
တဖြောင်းဖြောင်း၊ ရယ်သံ တအုန်းအုန်း ထနေစေချင်တာပါ..။
ကျနော် ဖိုးသိကြားဟာ ခေတ်နောက်ပြန်ဆွဲနေတဲ့ လူကြီး မဟုတ်ပါဘူး..။ ခေတ်ကို အမှီ ရင်ဘောင်တန်း
လိုက်နေတဲ့ လူငယ်လူရွယ်တဦးပါ..။ ဒါပေမယ့် ရိုင်းရိုင်းစိုင်းစိုင်းပြောမှ ခေတ်မှီတယ်.. လန်းတယ်ဆိုတဲ့
အယူအဆကိုတော့ လက်မခံပါဘူး..။ခု မုဒိတာအငြိမ့်မှာ ပါဝင်ကပြသွားတဲ့ စူပါစတားတွေကိုလည်း သူတို့
ရဲ့ အနုပညာ အရည်အချင်းတွေကို ကျနော် အားပေး ကြိုက်နှစ်သက်တယ် ဆိုတာ ၀န်ခံပါတယ်.။ ဒီပွဲကို ဦး
ဆောင် ညွှန်ကြား စီစဉ်ပေးတဲ့ ဒါရိုက်တာ မောင်မျိုးမင်းဆိုတာလည်း ကျနော် နှစ်ခြိုက်ရတဲ့ ဒါရိုက်တာ တဦး
ပါ..။ ဒါပေမယ့် အငြိမ့်မှာ ပျက်သွားတဲ့ အောက်ပိုင်းပျက်လုံးတွေကိုတော့ သဘောမကျပါဘူး..။ နည်းနည်း
ပါးပါးဆို ကျနော် မပြောပါဘူး..။ ခုတော့ များနေလို့ ပြောလိုက်ရတာပါ..။ အဓိက ကတော့ ကျနော်တို့ ချစ်
တဲ့ အနုပညာရှင်တွေဟာ လေးစားလောက်ဖွယ် အရည်အချင်းတွေနဲ့ ပြည်သူရဲ့ အတုယူစရာ စူပါစတားတွေ
အဖြစ် မြင်ချင်လို့ ခုလို အမုန်းခံပြီး "ပြောရဦးမယ်ဗျာ" လိုက်ရခြင်းဖြစ်ပါတယ်..။
တခုကျန်ခဲ့လို့ ပြောရဦးမယ်ဗျာ.. အဲဒီမုဒိတာလွင်ပြင်ရဲ့ ဇာတ်သိမ်း အစီအစဉ်လေးကိုတော့ အရမ်းသဘော
ကျမိပါတယ်..။ အနုပညာရှင်များအားလုံးနဲ့ ပရိတ်သတ်အားလုံး နိုင်ငံတော် သီချင်းကို သံပြိုင် ညီညီညာညာ
သီဆိုကြတဲ့ မြင်ကွင်းကိုတော့ လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြု ထောက်ခံပါတယ်..။ အဲဒီ အစီအစဉ် အတွက်တော့
အားလုံးကို လေးစား ဂုဏ်ယူမိပါတယ်..။
(မှတ်ချက်။ ။ စူပါစတားများကို ချစ်တဲ့စိတ်တခုသက်သက်ဖြင့် မှန်သည်/ မှားသည် မသုံးသပ်ဘဲ အထက်ပါ
Note ကို ဝေဖန်တိုက်ခိုက် ကွန်မန့်များ ပေးလာလျှင် ဖိုးသိကြား အနေဖြင့် ပြန်လည်ဖြေရှင်းမည် မဟုတ်..။)
အားလုံးကို ချစ်ခင်လေးစားသော... ဖိုးသိကြား (14/12/2011)

No comments:
Post a Comment