Friday, December 30, 2011

မေတ္တာမိုးစက် ဂရုဏာလက်ဖြင့်

၂၀၁၁အကုန် ၂၀၁၂အကူး
နှစ်သစ်ကူးမှာ
ဖလန်းဖလန်းထဖို့
ကြံစည်ရွယ်လူး စိတ်ကူးထားသည့်
အစီအစဉ်တချို့တ၀က်
ပယ်ဖျက်လိုက်ပါပြီ..။


နှစ်သစ်အကူး အပျော်ကြူးဖို့
စုဆောင်းကာထား ပိုက်ပိုက်များကို
မီးဘေးသင့်ဒဏ် ခံရရှာသော
မိဘပြည်သူတို့အတွက်
ဖဲ့ကာပေးအပ် လှူဒါန်းခဲ့ပြီ..။

ငါ၏ဒါနသည်..
ထိုသူတို့၏ မျက်ရည်စက်များ
ခမ်းသွားစေရန် မဖြစ်သော်ငြား
မျက်ရည်တစက် လျော့ပါးသွားက
ငါကျေနပ်ပြီ..။

ငါ့အ၀တ်သည်..
ထိုသူတို့၏ ခန္ဓာကိုယ်များ
နွေးထွေးသွားရန် မတတ်နိုင်ငြား
အချမ်းဒဏ်ကို ခုခံနိုင်ရန်
ငါရည်သန်သည်..။

ငါ့ဒါနသည်..
အပူမီးဒဏ် ခံနေရသော
ဘ၀ဟောင်းက တော်စပ်ဖူးသည့်
မိဟောင်းဖဟောင်း
ဆွေဟောင်းမျိုးဟောင်းတို့၏
သောကမီးတောက် ငြိမ်းအေးရောက်ဖို့
မေတ္တာမိုးပေါက် တစက်လောက်ပဲဖြစ်ပါစေ
ငါကျေနပ်သည်..။

ပူလောင်လွန်းလို့ လောင်ကျွမ်းနေတဲ့နှလုံးသား
အားငယ်နေလို့ ဖျော့တော့နေတဲ့မျက်ဝန်း
စိတ်ပိန်ချုံးလို့ ညှိုးနွမ်းနေတဲ့မျက်နှာများကို
ဘယ်မှာ ငါတို့ကြည့်နိုင်အံ့နည်း???

လဲနေသူကို ထူပေးပါ..။
အားငယ်သူကို အားပေးပါ..တဲ့
တို့ငယ်စဉ်ဘ၀ ရှေးကတည်းက
မှတ်သိကာထား စာသားများကို
အသက်သွင်းကြပါစို့..။

တို့တွေရဲ့ မေတ္တာမိုးပေါက်တွေနဲ့
သူတို့ရဲ့ သောကမီးတောက်တွေကို
ငြိမ်းကြပါစို့..။

တို့တွေရဲ့ ဂရုဏာလက်တွေနဲ့
သူတို့ရဲ့ မျက်ရည်စက်တွေကို
သုတ်ပေးကြပါစို့...။

တို့တွေရဲ့ ဒါနတွေနဲ့
သူတို့ရဲ့ ဘ၀တွေကို
ဖေးကူကြပါစို့..။

အားလုံးကို ချစ်ခင်လေးစားသော..ဖိုးသိကြား (30/12/2011)

No comments: