Friday, February 24, 2012

Why??? ဘာ့ကြောင့်လဲ

Why??? ဘာ့ကြောင့်လဲ

တို့တိုင်းပြေမှာ ကျွန်းသစ်ရေနံ ပြည့်စုံလျှံလည်း
ဘာကြောင့် တို့တွေ ဆင်းရဲတာလဲ?
တို့တိုင်းပြေမှာ ကျောက်မျက်ရွှေငွေ ချမ်းသာလေလည်း
ဘာကြောင့် တို့တွေ မွဲတေနေလဲ??
တို့တိုင်းပြေမှာ ဆန်ရေစပါး ပေါကြွယ်များလည်း
ဘာကြောင့် တို့တွေ ဒုက္ခဝေလဲ???

တို့တိုင်းပြေမှာ သာဘာဝသယံဇာတတွေ
မြစ်ချောင်း အင်းအိုင် ရေအရင်းမြစ်တွေ
မြေဆီသြဇာ လယ်ယာမြေတွေ များပြားပေမယ့်
တို့တွေဘ၀ နိမ့်ကျနေခဲ့တယ်...

တချိန်ကစလုံး ဘာမှသုံးမရဘူး
အခုကျ ပေါးသေးသေးမဟုတ်တော့
First World စားရင်းဝင်နိုင်ငံအဖြစ်
သမိုင်းသစ်ဖွင့်လှစ်ခဲ့တဲ့စလုံးမှာ
ဘယ်မှာလဲ..ကျွန်းသစ်ရေနံ?
ဘယ်မှာလဲ..ရွှေငွေကျောက်သံ??
ဘယ်မှာလဲ..သဘာဝသယံဇာတ???

ရေတောင်ဝယ်ယူရတဲ့ တိုင်းပြည်လေးက
ထိပ်တန်းစာရင်းဝင် တိုင်းပြည်အသွင်
ထိုးဖောက်ဝင်တာ ဘာ့ကြောင့်လဲ?
မလေးမှခွဲထွက် လီကွမ်ယူလက်အောက်
သူတို့လည်း တည်ဆောက်ခဲ့ရတာပ

ခေါင်းဆောင်ကောင်းပီသသူ လီကွမ်ယူက
Third World မှသည် First World ဆီသို့လို့
ကြွေးကြော်နှိုးဆော်ခဲ့ရုံမဟုတ်
အလုပ်နဲ့ပါ သက်သေပြခဲ့တာ အားလုံးအသိ
ခုကြည့်လိုက်စမ်း..
သယံဇာတ သုညနဲ့စလုံးအောက်မှာ
တို့ဟာ မျက်နှာငယ်ရတယ်..
အရင်းအမြစ် ဇီးရိုးဖြစ်တဲ့ စလုံးထံမှာ
တို့ဟာ အနှိမ်ခံရတယ်..
မတန်သော်လည်း လုပ်ရတယ်..
မမှန်သော်လည်း ငုံ့ရတယ်..

အရင်းစစ်တော့ အမြစ်မြေတဲ့
ငါတို့ပြေက ခေါင်းဆောင်တွေက
ဘယ်သူတေတေ ငတေမာပြီးရော
ဘယ်သူမွဲမွဲ ငါဆွဲရပြီးရော သဘောထားပြီး
တိုင်းပြည်ကို ဂုတ်စီးခဲ့လေတော့
ဘယ်မှာ နလန်ထနိုင်အံ့နည်း

အဆံမပါမြည်ကာဖောက်
သင်္ကြန်အမြောက်သို့ပမာ
သတင်းစာ ရေဒီယိုမှာတော့
မူဝါဒအမျိုးမျိုးထုတ်
အလုပ်လုပ်ကြပုံများ
ဆပ်ပြာပူပေါင်းမှုတ်သလိုပ
သယံဇာတတွေကိုထုတ်
တရုတ်လည်းရောင်း ကုလားရောင်းနဲ့
ကြာရင် မြောင်းထဲရောက်တော့မယ်..

အတ္တကို ချည်တိုင်လုပ်
တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူတွေ
သိစေချင်ဘိ..
သင့်မိသားစု နောက်ဆုံးပေါ်ကား
ထည်လဲစီးနေချိန်
ခြေကျင်ခရီး နှင်ရသူတွေရှိနေတယ်..
သင့်မိသားစု ဟိုတယ်တွေတက်
ဇိမ်ခံနှပ်နေချိန်
ထမင်းတနပ် နပ်မမှန်သူတွေရှိနေတယ်..
သင့်မိသားစု ငွေကိုလေလိုဖြုန်းနေချိန်
ကိုယ်စိတ်နှလုံး ဘုံးဘုံးကျအောင်
ငွေရှာရသူ များလှတယ်..

ကိုယ်အဆင်ပြေတိုင်း
ပြည်သူတွေ အဆင်ပြေတယ် မထင်ပါနဲ့
ကိုယ်ချမ်းသာတိုင်း
ပြည်သူတွေ ချမ်းသာတယ် မမြင်ပါနဲ့
ကိုယ် ဒုက္ခမရောက်တိုင်း
ပြည်သူတွေ ဒုက္ခဝေးတယ် မတွေးပါနဲ့
ပြည်သူ့ဘ၀ တို့ဘဝ
ပြည်သူအရေး တို့အရေးလို့
တွေးမျှော်ကြိုးစား ရွက်ဆောင်သွားရင်း
သမိုင်းတာဝန် ကြေပါစေ..။

တို့တိုင်းပြေမှာ ကျွန်းသစ်ရေနံ ပြည့်စုံလျှံလည်း
ဘာကြောင့် တို့တွေ ဆင်းရဲတာလဲ?
တို့တိုင်းပြေမှာ ကျောက်မျက်ရွှေငွေ ချမ်းသာလေလည်း
ဘာကြောင့် တို့တွေ မွဲတေနေလဲ??
တို့တိုင်းပြေမှာ ဆန်ရေစပါး ပေါကြွယ်များလည်း
ဘာကြောင့် တို့တွေ ဒုက္ခဝေလဲ???



(ညက ကြည့်လိုက်သော တောင်တွင်းကြီး စာပေဟောပြောပွဲအခွေမှာ ဆရာ မောင်သာချို ဟောပြောချက်ကို နားထောင်ရင်း တွေးမိသော အတွေးအပိုင်းအစတချို့ကို ရေးဖွဲ့ပါသည်..။)

အားလုံးကို ချစ်ခင်လေးစားသော... ဖိုးသိကြား(24/02/2012)

No comments: