Monday, December 20, 2010

ခွင့်သာခိုက်မှမလိုက်ချင်လျှင်

အပစ်အခတ် စစ်တပ်ဆိုလား

စကားကိုသုံး ညစ်ပတ်လုံးနဲ့

ပြည်သူကိုသတ်ထိုစစ်တပ်...

သင်တို့ရက်စက် ယုတ်မာချက်နဲ့

ပြစ်မဲ့ပြည်သူ ခပ်သိမ်းသူတို့

ယူကြုံးမရ ရင်နာရပြီ...

ပြည်သူ့အပေါ် စော်ကားမော်ကြွား

ထိုစစ်တပ်ကား ရှိသော်မကောင်း

မရှိကောင်းပင်ဖြစ်ဦးမည်..

နိုင်ငံတော်ရဲ့ ချုပ်ခြာအာဏာ

ကာကွယ်ရန်တွက် တပ်ဆင်ပေးထား

လက်နက်များကား ပြည်သူသတ်ရန်

ဖိနှိပ်ရန်သာ အသုံးချသွား

သင်တို့စစ်သား ယုတ်မာအားက

ဖုံးဖိမရမြင်တွေ့ရပြီ..

နှစ်၂၀ကျော် အာဏာရစ်မူး

ဖိုးရွှေရူးအား ထောက်ကန်ပေးထား

ထိုစစ်တပ်ကား အလကားပဲ

အသဲထဲထိ နာကျည်းမိပြီ..

သင်တို့ရှေ့ဆက် တိုင်းပြည်ဖျက်က

စစ်တပ်သမိုင်း ရာဇ၀င်ရိုင်းပြီး

ဖတ်တိုင်းမလှ ဖြစ်ကြရမည်

ယခုပင်လျှင် မလွန်ခင်က

ပြည်သူ့ဆန္ဒ ဖြည့်ဆည်းကြလော့

အာဏာရှင်များ ကောင်းစားရေးတွက်

မငဲ့ကွက်ပဲ တို့နိုင်ငံနဲ့

တို့လူမျိုးတွက် ရွက်ဆောင်ကြိုးပမ်း

ညီညာစွမ်းဖြင့် ရှေ့သို့လှမ်းတက်

ခရီးဆက်ရန် ဖိတ်ခေါ်ပါ၏

ခွင့်သာခိုက်မှ မလိုက်ချင်လျှင်

အမိုက်နင့်ပြင်ရှိသေးရဲ့လား..

ခွင့်သာဆဲမှ မခဲချင်လျှင်

အလွဲနင့်ပြင်ရှိသေးရဲ့လား...

ခွင့်သာတုန်းမှ မရုံးချင်လျှင်

အရှုံးနင့်ပြင်ရှိသေးရဲ့လား..

ပြည်သူများအား လေးစားပေးဆပ်

ပြည်သူ့အတွက် တို့စစ်တပ်လို့

ဟစ်အော်ကြွေးကြော် ဂုဏ်ယူနိုင်စေ

တောင်းဆုချွေလျက်....

အာဏာရှင်စနစ်ကျဆုံးပါစေ...
မြန်မာပြည်သူပြည်သားများစစ်အာဏာရှင်လက်အောက်မှအမြန်ဆုံးလွတ်မြောက်ပါစေ..

ဖိုးသိကြားခံစားရေးဖွဲ့သည်။