Friday, December 31, 2010

နှစ်သစ်အတွက်စကားလက်ဆောင်

နှစ်တနှစ်တော့ကူးပြောင်းပြန်ပေါ့

တကယ်တော့နှစ်ပောာင်းဆိုတာတချိန်ကနှစ်သစ်တခု

မတည်မြဲမှုရဲ့နိယာမအောက်မှာ

သူသည်လည်းအခုတော့

အနိစ္စကိုအရှုံးပေးထွက်ပြေးခဲ့ရပြီပေါ့

ခုလိုနှစ်ဟောင်းကိုမြေမြုပ်လို့

နှစ်သစ်ကိုဖော်ထုတ်ကြတော့မယ်အချိန်မှာ

နှစ်ဟောင်းကိုပြန်သုံးသပ်

နှစ်သစ်အတွက်ခရီးဆက်ဖို့အသင့်ပြင်

အနိစ္စသဘောကိုဆင်ခြင်ရင်း

နှစ်သစ်ကိုကြိုကြရအောင်

ဒါပေမယ့်လူတစုမှာတော့

အနိစ္စကိုနိစ္စလို့မှတ်ယူ

မမြဲခြင်းတရားကိုအာခံတော်လှန်ဖို့လုပ်

လက်ရှိအာဏာဆုပ်ကိုင်ဖို့အရေး

အတွေးသက်သက်ဦးတည်ချက်နဲ့

ယုတ်မာမှုတွေခြံရံပြီးခရီးတွေဆက်

တိုင်းပြည်မှာတော့အပျက်ပျက်နဲ့ပေါ့

ရက်စက်ခြင်းတွေအတွက်လျောက်လဲချက်ကတော့

သူတို့ပြောတော့တရားဥပဒေစိုးမိုးရေးတဲ့

မတရားတာကိုတရားဆိုပြီး

တံဆိပ်တွေခပ်နှိပ်.ဥပဒေအမိန့်တွေနဲ့

ပြည်သူတွေကိုနှိပ်စက်ခဲ့

အဖက်ဖက်ကယိုယွင်းတိုင်းပြည်တွင်းမှာတော့

တရိပ်ရိပ်နဲ့ထိုးတက်ကုန်ဈေးနှုန်းဂယက်တွေကို

ရင်ဆိုင်အံတုဖို့အတွက်

ဘယ်မှာလဲလုံလောက်တဲ့လစာ??

ဘယ်မှာလဲလုံလာက်တဲ့ဝင်ငွေ??

မြင်တွေ့နေရတာတွေကတော့

ဆောက်လိုက်ပြန်ပဟဲ့..အိမ်ကြီးတွေ

ဝယ်လိုက်ပြန်ပဟဲ့.နောက်ဆုံးပေါ်ကားတွေ

လုပ်လိုက်ပြန်ပဟဲ့စီးပွားရေးတွေ

နေရာစုံခြေရှုပ်အုပ်စိုးနေတာတော့

သူတို့တွေပဲလေ..

ငွေကိုလေလိုသုံးဖြုန်းတီးလိုက်တဲ့ဘဏ္ဍာငွေ

သေရင်တောင်ချန်ထားယူသွားမရစည်းစိမ်တွေနဲ့

မာန်မာနတွေထားပြည်သူအများမှာတော့

ဖိနှိပ်ခြင်းအောက်ပြားပြားမှောက်ခဲ့ရပြီ

တရားမမြင်လို့လား??

တရားကိုမခင်လို့လား??

သံသရာအရေးအလေးမမူတွေးမပူကြ

တဘ၀သာကောင်းစားရေး

ဦးစားပေးပြီးလုပ်နေသူတွေရေ

စကားတခွန်းလက်ဆောင်ပါးလိုက်မယ်

လောကမှာမြဲတဲ့အရာတခုသာရှိ

ထိုအရာကားအနိစ္စတရားတဲ့

သို့အတွက်ကြောင့်

ခု/နောင်သံသရာနှစ်ဖြာကောင်းရန်

ကြံရွယ်စိတ်ထားအကျိုးများဖို့

တို့ပြည်သူအပေါ်

စေတနာမထားရင်နေပါ..

မပိတ်ပင်ကြပါနဲ့...

ဂရုဏာမထားရင်နေပါ..

မရက်စက်ကြပါနဲ့...

မေတ္တာမထားရင်နေပါ..

မယုတ်မာကြပါနဲ့...လို့

အားလုံးကိုယ်စားမေတ္တာရပ်ခံလိုက်ပါသည်...


၂၀၁၁သည်မြန်မာပြည်သူ/သားများအတွက်မင်္ဂလာရှိသောနှစ်တနှစ်ဖြစ်ပါစေ..

ဖိုးသိကြား(၃၁-၁၂-၂၀၁၀)

ဖိုးသိကြား ခံစားရေးဖွဲ့သည်။