
ယနေ့သည်ကား
ကျွန်ုပ်တို့ ဗမာပြည်၏ အမျိုးသားနေ့ပင်တည်း။ အမျိုးသားနေ့ဟု
ဆိုလိုက်လျှင် အမျိုးသမီး အခွင့်အရေး ရရှိရန် လှုပ်ရှားခြင်း၊ အမျိုးသမီး
အဖွဲ့အစည်းတို့ ပေါ်ပေါက်လာခြင်းနှင့် စသည်တို့နှင့် ရောထွေးကာ မဆီမဆိုင်
ထွေးရော ယှက်တင် တွေးတော ကြံဆတတ်ကြသော ကမ္ဘာ့အမြင်ရှိသူ
မျိုးဆက်သစ်တို့နှင့် ဗမာပြေမှာ ပညာသင်ရတာ မကောင်းရင် တခြားမှာ
ထွက်သင်နိုင်အောင် ကြိုးစားကြပေါ့ဟု ဆိုရက်သသူတို့ တိုးတက် လိမ္မာစေရန်
အလို့ငှာ အကျွန်ုပ် မောင်ကြပ်ခိုးသည် ထိုသူတို့အား မိမိ သိထားသလောက်
မတောက်တခေါက် ဗဟုသုတဖြင့် ဆရာလုပ်တော့အံ့ ဟူသော ညစ်ပတ်သည့် စိတ်ထားဖြင့် ဤ
အမျိုးသားနေ့ဖတ်စာကို အထူးထူးသော မှတ်တမ်းမှတ်ရာတို့မှ ကူးယူဖော်ပြခြင်း
ဖြစ်ချေသတည်း။
မန္တလေးမြို့၌ ကျင်းပခဲ့သော န၀မအကြိမ်မြောက်
ဂျီစီဘီအေ ညီလာခံကြီး၌ အမျိုးသားနေ့ သတ်မှတ်ရန် ဆွေးနွေးကြရာတွင်
သူရိယသတင်းစာ အယ်ဒီတာချုပ် ဦးတုတ်ကြီးက သီပေါမင်း ပါတော်မူသည့်
နေ့ကိုလည်းကောင်း၊ ပျဉ်းမနားမှ ဦးဒွေးက ဦးဥတ္တမ ထောင်ကျသော
နေ့ကိုလည်းကောင်း အမျိုးသားနေ့အဖြစ် သတ်မှတ်ရန် အဆိုတင်သွင်း ခဲ့ကြသည်။
ထိုသော်
သပိတ်မှောက် ကျောင်းသားများ၏ ကိုယ်စားလှယ် ကိုမြင့် (နေရှင်နယ် ဦးမြင့်)
က သီပေါမင်း ပါတော်မူသည့်နေ့၊ ဦးဥတ္တမ ထောင်ကျသည့်နေ့ စသောနေ့တို့သည်
မင်္ဂလာရှိသော နေ့ရက်များ မဟုတ်၊ ဗမာတို့ အနိုင်မရဘဲ အရှုံးသာ ကြုံခဲ့ရသော
နေ့များသာ ဖြစ်သည်။ အမျိုးသားရေး စိတ်ဓါတ် တက်ကြွ ပြင်းထန်စေရန် စေ့စော်မှု
မရှိ၍ အမျိုးသားနေ့ အဖြစ် သတ်မှတ်ရန် မသင့်လျော်၊ ၁၉၂၀ တက္ကသိုလ်
ကျောင်းသား သပိတ်ကြီးသည်သာလျှင် တစ်မျိုးသားလုံး စည်းလုံးညီညွတ်မှု၊
ဇာတိမာန် တက်ကြွမှုတို့ကို ဖြစ်ပေါ်စေ၍ အရှုံးမရှိ
အနိုင်ရသည့်နေ့ဖြစ်သောကြောင့် ထို တက္ကသိုလ် ကျောင်းသား သပိတ်ကြီး
စတင်ပေါ်ပေါက်ရာ နေ့ဖြစ်သော ၁၂၈၂ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် (၁၀)
ရက်နေ့ကို အမျိုးနေ့အဖြစ် နှစ်စဉ် သတ်မှတ်ရန် အဆိုတင်သွင်းခဲ့သည်။
ထိုညီလာခံကြီးတွင်
အမျိုးသားနေ့ အဆိုတင်သွင်းချက်များ အပြီးသတ် ဆုံးဖြတ်နိုင်ခဲ့ခြင်း
မရှိဘဲ အမှုဆောင်လူကြီး (၃၅) ဦးတို့ ရန်ကုန်မြို့သို့
ပြန်ရောက်ပြီးနောက်တွင်မှ ကိုမြင့်၏ အဆိုကို လက်ခံ ရွေးချယ်
သတ်မှတ်ခဲ့လေသည်။
မြန်မာနိုင်ငံတွင် ၁၉၂၀ ပြည့်နှစ်အထိ တက္ကသိုလ်ဟူ၍
သီးခြားမရှိသေး။ ကာလကတ္တားတက္ကသိုလ်၏ လက်အောက်ခံ ရန်ကုန်ကောလိပ်နှင့်
ယုဒသန်ကောလိပ်တို့သာ ရှိခဲ့သည်။ ထိုကောလိပ်တို့တွင် သင်ကြားပို့ချသည့်
သင်ရိုးညွှန်းတမ်းတို့ကို ကာလကတ္တားတက္ကသိုလ်မှ ပြဋ္ဌာန်းပြီး စာမေးပွဲ
စစ်ဆေးခြင်းကိုလည်း ယင်းတက္ကသိုလ်မှပင် ဆောင်ရွက်စီမံသည်။
၁၉၂၀
ပြည့်နှစ်တွင်မူ အသိအမြင် ပွင့်လင်းလာကြသော မြန်မာလူထုသည် ဖော်ပြပါ
ကောလိပ်နှစ်ခုကို တက္ကသိုလ် အဆင့်သို့ တိုးမြှင့်ပေးရန်
နယ်ချဲ့အင်္ဂလိပ်အစိုးရအား တင်ပြခဲ့ကြသည်။ ထိုတောင်းဆိုချက်အရ
အင်္ဂလိပ်အစိုးရသည် ၁၉၂၀ ပြည့်နှစ် တက္ကသိုလ် အက်ဥပဒေ ကို ဒီဇင်ဘာလ (၁)
ရက်နေ့တွင် အတည်ပြုကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
သို့သော်လည်း
ထိုတက္ကသိုလ်ဥပဒေသစ်မှာ မြန်မာပြည်သူပြည်သားတို့ တက္ကသိုလ်ပညာ ဆက်လက်
သင်ကြားခွင့် မရနိုင်အောင် ဥပါယ်တံမျဉ်ဖြင့် ဟန့်တား
ပိတ်ဆို့ထားခြင်းမျှသာ ဖြစ်သည်။ ထိုသည်ကို ဖော်ပြပါအချက်များအား
ထောက်ရှုခြင်းဖြင့် သိနိုင်၏။
၁။ ရန်ကုန်တက္ကသိုလ်၏
လက်အောက်တွင် ရန်ကုန်ကောလိပ်တစ်ခုတည်းသာ ရန်ကုန်မြို့၌ ဖွင့်လှစ်ပြီး
တက္ကသိုလ်ပညာကို ကျောင်းအိပ်ကျောင်းစားစနစ်ဖြင့် သင်ယူရမည်။ (ဤသည်မှာ
ငွေကြေးတတ်နိုင်သူတို့၏ သားသမီးတို့အတွက်သာ တက္ကသိုလ်တံခါးကို
လှစ်ဟထားပေးခြင်း ဖြစ်သည်။)
၂။ တက္ကသိုလ်ဝင်တန်း
အောင်မြင်ပြီးသူတို့သည် တက္ကသိုလ်ပညာကို ဆက်လက်သင်ယူခွင့် မရ၊ ကြားအတန်း
(Preliminary Course) တက်ရောက်ပြီးမှ သင်ကြားရမည်။ (ပညာသင်ယူစရိတ်ကို
ထပ်ဆင့်တိုးမြှင့်စေခြင်း)
၃။ တက္ကသိုလ်ကျောင်းသားဦးရေကို
ကန့်သတ်ထားပြီး အင်္ဂလိပ်စာ ထူးချွန်သူများသာ သင်ယူခွင့်ပြုခြင်း၊ ဥပစာတန်း
(အိုင်အေ) အောက်တန်းရောက်စ ကျောင်းသားတို့သည် အင်္ဂလိပ်စာ သက်သက်
တစ်နှစ်သင်ယူရန် (ဗမာပြေတွင် နေထိုင်ရင်း ဗမာ-သိုးဆောင်း
ကပြားဘာသာစကားဖြင့် “အိုင်တို့က ဘားမိစ်မှာ ၀ိခ်ဖြစ်တယ်” ဟု ပြောဆို
ဂုဏ်ယူတတ်သော လူတန်းစားတစ်ရပ် မွေးထုတ်ရန်) စသည်တို့ ပါဝင်သည်။
ပြဋ္ဌာန်းလိုက်သည့်
ဥပဒေအရ ရန်ကုန်တက္ကသိုလ်ကို ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် တက္ကသိုလ် အဓိပတိကြီး
မြန်မာပြည် ဒုတိယဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက်က အခမ်းအနားတစ်ရပ်ဖြင့်
ကြီးကျယ်စွာ ဖွင့်လှစ်ရန် စီစဉ်ထားခဲ့သည်။
၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ
(၂) ရက်နေ့တွင် အသိအမြင် တိုးတက်ပွင့်လင်းသည့် ကောလိပ်ကျောင်းသား (၁၁)
ဦးတို့သည် ယင်းတက္ကသိုလ်ဥပဒေကို တိုက်ဖျက်ရန် ရွှေတိဂုံစေတီရင်ပြင်တော်တွင်
တိုင်ပင်ဆွေးနွေးကြသည်။ ယင်းကောလိပ်ကျောင်းသာ (၁၁) တို့မှာ
(၁) ကိုဘဦး ဘီအေ အထက်တန်း၊
(၂) ကိုအေး ဘီအေ အထက်တန်း၊
(၃) ကိုလှတင် ဘီအေ အထက်တန်း၊
(၄) ကိုညီပိတ် ဘီအက်စ်စီ အထက်တန်း၊
(၅) ကိုဘရှင် ဘီအက်စ်စီ အထက်တန်း၊
(၆) ကိုဖိုးကွန်း ဘီအက်စ်စီ အထက်တန်း၊
(၇) ကိုကျော်မြ ဘီအက်စ်စီ အထက်တန်း၊
(၈) ကိုဖေသိန်း အိုင်အေ အထက်တန်း၊
(၉) ကိုအောင်ဒင် အိုင်အေ အထက်တန်း၊
(၁၀) ကိုထွန်းဝင်း အိုင်အေ အထက်တန်း၊
(၁၁) ကိုဘခင် အိုင်အေ အထက်တန်း တို့ဖြစ်သည်။
ထို ကျောင်းသား (၁၁) ဦး၏ ရွှေတိဂုံရင်ပြင်တော် ဆွေးနွေးပွဲမှ
(၁)
၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ (၁၇) ရက် ဒုတိယဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက်
ရန်ကုန်တက္ကသိုလ်ဖွင့်ပွဲ အခမ်းအနား ကျင်းပမည့် နေ့တွင်
ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ်မှ ကျောင်းသားတို့သည် စာအုပ်များကို
ပိုက်၍ သပိတ်မှောက် ထွက်ခွာကြရန်၊
(၂) ၁၉၂၀ ပြည့်နှစ် တက္ကသိုလ်
အက်ဥပဒေ ပါ ဖိနှိပ်ချုပ်ချယ်ထားသည့် အချက်များကို
ပြုပြင်ပြောင်းလဲပေးရန်အတွက် အင်္ဂလိပ်အစိုးရအား အရေးဆိုရန်၊
(၃)
တောင်းဆိုချက်များ မရမချင်း ကျောင်းပြန်၍ မတက်ရန် စသည့် ဆုံးဖြတ်ချက်
သုံးရပ် ပေါ်ထွက်လာသည်။ ထို့နောက် ကိုဘဦးအား ဆော်သြသူအဖြစ်
ရွေးကောက်တင်မြှောက်၍ ကောလိပ်ကျောင်းသား (၂၆) ဦးပါသော ကော်မီတီကိုလည်း
ဖွဲ့စည်းလိုက်သည်။
ထိုကော်မီတီဝင် (၂၆) ဦးမှာ
(၁) ကိုဘဦး (ခေါင်းဆောင်)
(၂) ကိုဘတင် (ဒုတိယခေါင်းဆောင်)
(၃) ကိုအေး (အတွင်းရေးမှူး)
(၄) ကိုဖိုးကွန်း
(၅) ကိုမြင့် (နေရှင်နယ်ဦးမြင့်)
(၆) ကိုအောင်ဒင်
(၇) ကိုဘရှင်
(၈) ကိုသာညွှန့်
(၉) ကိုကြံစု
(၁၀) ကိုဖေသိန်း
(၁၁) ကိုထွန်းဝင်း
(၁၂) ကိုလူဖေ၀င်း
(၁၃) ကိုဘခင်
(၁၄) ကိုလှတင်
(၁၅) ကိုထွန်းဖေ (ထွန်းနေ့စဉ် ဦးထွန်းဖေ)
(၁၆) ကိုဖိုးလတ်
(၁၇) ကိုဖိုးကျား
(၁၈) ကိုခင်မောင်
(၁၉) ကိုဘကျော်
(၂၀) ကိုစိုးဝင်း
(၂၁) ကိုလှဖိုး
(၂၂) ကိုမြ
(၂၃) ကိုကျော်မြ
(၂၄) ကိုလှစိန်
(၂၅) ကိုစောလွင်
(၂၆) မစ္စတာအင်န်ဆင်း တို့ ဖြစ်ကြသည်။
ထို
(၂၆) ဦး ကော်မီတီ အစည်းအဝေးကို ဒီဇင်ဘာ (၅) ရက်နေ့၌ ကိုဘဦး၏ နေအိမ်တွင်
ကျင်းပခဲ့ပြီး ဒီဇင်ဘာ (၇) ရက်နေ့တွင် နယ်ချဲ့အစိုးရအား သပိတ်မှောက်ကြရန်
ဆုံးဖြတ်ခဲ့ကြသည်။ သို့သော်လည်း အကြောင်းကြောင်းသော အကြောင်းတို့ကြောင့်
ထို ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ (၅) ရက်နေ့ (မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊
တန်ဆောင်မုန်း ပြည့်ကျော် (၁၀) ရက်နေ့) တွင်ပင် ရန်ကုန်ကောလိပ်နှင့်
ယုဒသန်ကောလိပ်တို့မှ ကျောင်းသား (၅၀၀) ကျော် စုရုံးပြီး စတင်
သပိတ်မှောက်ခဲ့ကြသည်။ ဗဟန်းရပ် ရွှေကျင်ကျောင်းတိုက်ရှိ ဇရပ်များကို
သပိတ်စခန်းအဖြစ် ဖွင့်လှစ်လိုက်ကြသည်။
ထို
ကောလိပ်ကျောင်းသားသပိတ်ကြီးသည် ရက်သတ္တပတ် (၁) ပတ်အတွင်းမှာပင်
မြန်မာပြည်တစ်ခုလုံးသို့ တောမီးပမာ ပျံ့နှံ့သွားခဲ့ပြီး (၈) တန်း၊ (၉)
တန်း၊ (၁၀) တန်း ကျောင်းသားများပါ ပူးပေါင်း ပါဝင်ခဲ့ကြရာ
ကျောင်းသားသပိတ်ကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ကျောင်းသားသပိတ်ကို
လက်နက်ဖြင့် နှိမ်နှင်းမည်ဟု ဘုရင်ခံ ကရက်ဒေါက်က အင်္ဂလိပ်ကုန်သည်ကြီးများ၏
ညစာစားပွဲ၌ ကြုံးဝါးခဲ့သည်။ သို့သော် သပိတ်မှောက် ကျောင်းသားတို့ကား
ကရက်ဒေါက်၏ ကြုံးဝါးသံကို ထီမထင်ခဲ့ကြပေ။ ဒီဇင်ဘာ (၁၉) ရက်နေ့တွင်
တက္ကသိုလ် မော်ကွန်းထိန်းမှ တဆင့် တက္ကသိုလ် အဓိပတိ ဘုရင်ခံ ကရက်ဒေါက်ထံသို့
၁၉၂၀ ပြည့်နှစ် တက္ကသိုလ် အက်ဥပဒေကို ပြင်ဆင်ပေးရန် တောင်းဆိုချက် (၁၅)
ချက်ပါ စာတစ်စောင်ကို ရဲဝံ့စွာ ပေးပို့လိုက်သည်။ ထို တောင်းဆိုချက် (၁၅)
ချက်
အနက် အထူး အရေးကြီးဆုံးသော တောင်းဆိုချက်တို့မှာ -
(၁)
ရန်ကုန်တက္ကသိုလ် ကျောင်းသူကျောင်းသားတို့သည် ကျောင်းအိပ်ကျောင်းစားအဖြစ်
နေမှသာ တက္ကသိုလ်ပညာ သင်ယူခွင့်ပြုမည် ဟူသောအချက်မှာ ဆင်းရဲသူ
ကျောင်းသားများ ပညာမသင်နိုင်အောင် ဖန်တီးသကဲ့သို့ ဖြစ်သည်။
(၂)
အင်္ဂလိပ်ဘာသာနှင့် အခြားဘာသာ တစ်ခုခုတွင် ထူးချွန်မှုရှိမှသာ
တက္ကသိုလ်ဝင်ခွင့် ရရှိမည်ဟူသော အချက်မှာ အင်္ဂလိပ်ဘာသာကို
တိုင်းရင်းဘာသာအဖြစ် အသုံးမပြုသော မြန်မာနှင့် အိန္ဒိယ
တိုင်းရင်းသားများအတွက် အခက်အခဲ ဖြစ်စေပါသည်။
(၃) ပရီလီမီနာရီကိုစ့် ခေါ် အကြိုသင်တန်းတစ်နှစ် ထားရှိခြင်းကြောင့် စရိတ်စက ပိုမိုကုန်ကျ စေပါသည်။
(၄) နှုတ်ဖြေစာမေးပွဲ စစ်မေးရန် မလိုအပ်ဟု ယူဆပါသည်။
(၅)
တက္ကသိုလ်ကောင်စီနှင့် ပါမောက္ခများအဖွဲ့တွင် လူတန်းစားပေါင်းစုံ ပါဝင်ရန်
လိုအပ်ပါသည်။ ဖွဲ့စည်းပုံကို ပြင်ဆင်၍ တက္ကသိုလ်ကောင်စီတွင်
ကျောင်းသားကိုယ်စားလှယ် ပါဝင်သင့်ပါသည်။
(၆) ဒုတိယ အဓိပတိ၊ ကိုယ်စား
အဓိပတိနှင့် တက္ကသိုလ်ပါမောက္ခများကို အဓိပတိတစ်ဦးတည်းက ခန့်ထားခြင်းမှာ
ဒီမိုကရေစီဘောင်နှင့် မညီ၍ ပါမောက္ခအဖွဲ့ကသာ ရွေးကောက်တင်မြှောက်သင့်ပါသည်။
(၇) တက္ကသိုလ် စာမေးပွဲတွင် ပြင်ပနှင့် အလွတ်ပညာသင် ကျောင်းသားများအား ဖြေဆိုခွင့် ပြုစေလိုပါသည်။
(၈) ဥပဒေ သင်တန်းသားများကို နံနက်ပိုင်း၌ တက်ရောက်သင်ကြားနိုင်ရန် စီစဉ်ပေးစေလိုပါသည်။
ထိုတင်ပြချက်များ၊
နစ်နာချက်များကို စဉ်းစားပြီး ပြေလည်အောင် မဖြေရှင်းသမျှ ကာလပတ်လုံး
ကျောင်းသားများ ကျောင်းပြန်တက်လိမ့်မည် မဟုတ်ပါ ဟု ဖော်ပြထားပြီး
သပိတ်မှောက် ကျောင်းသားတို့၏ ကိုယ်စား ဆော်သြရေးမှူး ကိုဘဦးက
လက်မှတ်ရေးထိုး ထားသည်။
သို့သော်လည်း နယ်ချဲ့အစိုးရက
သပိတ်မှောက်ကျောင်းသားတို့၏ တောင်းဆိုချက်များကို လိုက်လျောခြင်း
မပြုခဲ့ပေ။ ထို့ကြောင့် အုပ်စိုးသူတို့နှင့် သပိတ်မှောက်
ကျောင်းသားတို့အကြား ဆက်ဆံရေးမှာ တစထက်တစ ပိုမိုတင်းမာ လာခဲ့သည်။
ထို့နောက် သပိတ်မှောက် ကျောင်းသားတို့က ၁၉၂၁ ခုနှစ် ဇန်န၀ါရီလ (၁၄)
ရက်နေ့မှ စတင်၍ အစိုးရက လိုက်လျောသည်ဖြစ်စေ၊ မလိုက်လျောသည်ဖြစ်စေ၊
ရန်ကုန်တက္ကသိုလ်နှင့် လက်အောက်ခံကျောင်းများသို့ လုံးဝပြန်တက်တော့မည်
မဟုတ်ကြောင်း တိုင်းပြည်သို့ ကြေညာခဲ့သည်။ နိုင်ငံတစ်ဝှမ်းလုံးရှိ
တိုက်ပွဲဝင်နေကြသော (၈) တန်း၊ (၉) တန်း၊ (၁၀) တန်း ကျောင်းသားတို့ကလည်း
အစိုးရအထောက်အပံ့ခံကျောင်းများကို သပိတ်မှောက်လိုက်ကြသည်။
ထိုကျောင်းသားသပိတ်ကို
ဗမာပြည်တစ်ဝှမ်းလုံးရှိ ရဟန်းရှင်လူအပေါင်းက နှစ်ထောင်းအားရ
ကောင်းချီးပေးခဲ့သည်။ အမျိုးသားရေး စိတ်ဓါတ်များ နိုးကြားလာသော လူထုသည်
ကျောင်းသားသပိတ်ကို တက်ကြွစွာ ထောက်ခံခဲ့သည်။
ဤကား အမျိုးသားနေ့
ဖြစ်ပေါ်လာပုံ အကြောင်းတည်း...
Credit to: http://www.myatshu.com/?p=470
လွန်ခဲ့သော
နှစ်ပေါင်း ၉၁ နှစ်က မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် အမျိုးသားရေး စိတ်ဓါတ်
နိုးကြားစေရန် စတင်မျိုးစေ့ချပေးခဲ့သည့် သပိတ်မှောက် ကျောင်းသားများကို
လေးစားဂုဏ်ပြုရင်း...
ယနေ့မှာ ကျရာက်တဲ့ ၉၁နှစ်မြောက် အမျိုးသားနေ့ကို ကြိုဆိုလိုက်ပါတယ်..။
ဖိုးသိကြား